By Salai Van Cung Lian (UK)
တစ်ချိန်က နာမည်ကျော် ချင်းသေနတ်ကိုင်တပ်ရင်း (၂) မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဆွန်ခိုပေါင် (Son Kho Pau) ကွယ်လွန်ခဲ့သည်မှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ဆိုရင် ၄၁ နှစ်ြပည့်ပြီဖြစ်ပါသည်။ ချင်းသူရဲကောင်း ဒုဗိုလ်မှူးကြီး ဆွန်ခိုပေါင် အားဂုဏ်ပြုသည့်အနေဖြင့် သူ့၏ကိုယ်ရေးအကျဉ်းကို ဖော်ပြလိုက်ပါတယ်။
ဗြိတိသျှ ကိုလိုနီ ကျွန်ဘဝ မှ ၁၉၄ဂ ခုနှစ်တွင် လွတ်မြောက်လာသော လွတ်လပ်သည့် ပြည် ထောင်စု မြန်မာနိုင်ငံတော် သစ် သည် လွတ်လပ်ရေး၏ ဘွားဖက်တော်အဖြစ် နိုင်ငံတဝှမ်း ပြည်တွင်းစစ် ကြီး နှင့် ကြုံတွေ့ရင်ဆိုင်ခဲ့ရ ပြီး ပြည်ထောင်စုကြီးပြိုကွဲ လုမတတ် ဖြစ်ခဲ့ရသည်။ ၁၉၄၉ ခုနှစ်တွင် ဟုန်းဟုန်းတောက်လောက်သည့် ပြည်တွင်း စစ်မီး၏ အရှိန် သည် မြို့တော် ရန်ကုန် ကိုပင် ချိန်းခြောက် သည်အထိဖြစ်ခဲ့သည်။ ထိုစဉ် ကာလ ကမ္ဘာ က ဝန်ကြီးချုပ်ဦးနု အစိုးရအား ရန်ကုန်အစိုးရဟု လှောင် ပြောင် သမုတ် နေကြသည့် အချိန်တွင် ချင်းသေနတ်ကိုင်တပ်ရင်းများသည် ပြည်ထောင်စု ကြီးပြိုကွဲ မည့် အရေးမှ ရှောင်လွဲနိုင်ရန် အတွက် နိုင်ငံ တော် အစိုးရ၏ အားအကိုးရဆုံးသော တပ်ရင်းများ ဖြစ် ကြသည်။ ထိုသို့ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့သည့် ချင်းသေနတ်ကိုင်တပ်ရင်းများထဲမှ တပ်ရင်း (၂) ကို ဦးဆောင် ကွပ်ကဲသူမှာ ဒုဗိုလ်မှူးကြီး ဆွန်ခိုပေါင် (စီးယင်းမျိုးနွယ်စု) ဖြစ်သည်။ သူသည် ၁၉၄၈ ခုှနှစ်မှ ၁၉၅ဝ အတွင်း ရောင်စုံသူပုန်ခေတ်တွင် နိုင်ငံ့သားကောင်းပီပီ ပြည်တောင်စုကြီး မပြိုကွဲရေး အတွက် နိုင်ငံ့တာဝန်ကို သစ္စာ ရှိရှိ ထမ်းဆောင်ခဲ့သည်။ ၁၉၆၄ ခုနှစ် တွင်မူ ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော တော်လှန်ရေးကောင်စီ အစိုးရ အား တော်လှန်ပြီး လွတ်လပ်သော ချင်းပြည်ထူထောင်ရေးအတွက် ချင်းအမျိုးသားများ၏ လက်နက်ကိုင် တော်လှန်ရေးကို ဦးဆောင် သူများထဲတွင် တဦးအဖြစ် ရှေ့ဆုံးမှ တက်တက်ကြွကြွ ပါဝင်ခဲ့သည်။ ဤဆောင်းပါတွင် ဗိုလ်မှူးကြီး ဆွန်ခိုပေါင် ၏ တိုင်းပြည်နှင့်လူမျိုးအတွက် ဆောင်ရွက်ချက်များ ကို လက်လှမ်းမှီသလောက် ဖော်ပြသွားပါမည်။
ငယ်ဘဝ၊ ပညာရေးနှင့် ဗြိတိသျှစစ်တပ်သို့ အမှုထမ်းခြင်း
ဗိုလ်မှူးကြီး ဆွန်ခိုပေါင်သည် ၁၉၂ဝ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် U Huat Vum နှင့် Daw Vung Kho Dim တို့မှ တီးတိန်မြို့နယ်၊ ထုတ်လိုင်ရွာတွင် ဖွားမြင်ခဲ့သည်။ သူသည် ထုတ်လိုင်ရွာ အစိုးရ မူလတန်းကျောင်း၌ စတုတ္ထတန်းအထိ ပညာသင်ကြားခဲ့ပြီးနောက် ဖလမ်းမြို့အလယ်တန်းကျောင်း၌ နဝမ တန်းအောင်မြင်သည်အထိ ပညာသင်ယူခဲ့သည်။ ထိုခေတ်ကာလ ချင်းတောင်တန်းဒေသ တွင် အထက်တန်း ကျောင်းဆင်းပြီး အစိုးရဝန်ထမ်း အလုပ် နှင့် လယ်ယာလုပ်ငန်းမှလွဲ၍ အခြားလုပ်ကိုင်ရန် လုပ်ငန်းများ မရှိခဲ့ပေ။ ဗြိတိသျှတပ်မတော် မှ စစ်သားများကို လစာကောင်းကောင်းပေးသည့်အပြင်၊ စစ်ထဲဝင်လျင် မြေပြန့် ဒေသ များသို့ သွားရောက် စွန့်စားခွင့် ရရှိနိုင်ကြသဖြင့် ချင်း လူငယ် တော်တော်များများမှာ စစ်ထဲသို့ ဝင်ကြ သည်က များလေသည်။ အခြားချင်းလူငယ်များကဲ့သို့ ဆွန်ခိုပေါင် သည်လည်း ပြင်ဦးလွင် (မေမြို့) ရှိ အမှတ် (၂) ဗမာ့သေနတ်ကိုင်တပ်ရင်းတွင် ၁၉၃၉ ခုနှစ်မှစတင် ပြီး တပ်သားအဖြစ် အမှုထမ်းဆောင်ခဲ့သည်။
ဆွန်ခိုပေါင် ဗမာ့သေနတ်ကိုင်တပ်ရင်း တွင်စတင် အမှု ထမ်းဆောင်ပြီး များမကြာမီတွင် ဒုတိယ ကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားခဲ့သည်။ မြန်မာပြည်အား ဗြိတိသျှကိုလိုနီ လက်အောက်မှ ကယ်တင်ရန်အတွက် ဒုဗိုလ်ချုပ် Shojiro Iida ဦးဆောင်သော ဂျပန်တပ်မတော်မှ တပ်မ ၁၅ သည် ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ စီးနင်း ဝင်ရောက်ခဲ့သည်။ တပ်မ ၁၅ သည် မြိတ် နှင့် ထားဝယ် လေယဉ်ကွင်းတို့အား အလွယ် တကူ သိမ်းပိုက်နိုင်ခဲ့ကြသည်။ ဂျပန်ခြေလျင်တပ်ရင်း အမှတ် ၃၃ နှင့် ၅၅ တို့သည်လည်း မြန်မာပြည် တောင်ပိုင်း နှင့် အလယ်ပိုင်းအား ဝင်ရောက်သိမ်းပိုင်နိုင်ခဲ့ သဖြင့် ဗြိတိသျှတပ်များသည် လည်း အန္ဒိယသို့ ဆုတ်ခွာ ခဲ့ရသည်။ ၁၉၄၂ ဇန်နဝါရီလကုန်အထိ ဂျပန်တပ်မတော် နှင့် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဗမာ့ လွတ်လပ်ရေးတပ်မတော် တို့သည် မြဝတီ မှ ထားဝယ် အထိ သိမ်းပိုက် နိုင်ခဲ့ကြသည် ။ ဗြိတိသျှတပ်မတော်မှ ဗမာသေနတ်ကိုင်တပ်ရင်း (၂) သည်လည်း မော်လမြိုင်မှ အိန္ဒိယနိုင်ငံ သို့ ဆုတ်ခွာကြရသည်။ ထိုအချိန်တွင် ဆွန်ခိုပေါင် သည် တပ်စုတပ်ကြပ်ကြီး (Platoon Sergant) အ ဖြစ် ဗမာသေနတ်ကိုင်တပ်ရင်း (၂) နှင့်အတူ အိန္ဒိယနိုင်ငံသို့ ဆုတ်ခွာခဲ့ရသည်။
အိန္ဒိယနိုင်ငံတွင် ဗြိတိသျှတပ်သားများ ပြန်လည်စုစည်းခဲ့ကြပြီး ပြောက်ကျားစနစ်ဖြင့် မြန်မာပြည်တွင်း သို့ ပြန်လည် ဝင်ရောက်ထိုးဖောက်ရန် ပြင်ဆင်ခဲ့ကြသည်။ ထိုသို့တိုက်ခိုက်ရန်အတွက် အထူး Chindit (ခြင်္သေ့) တပ်ဖွဲ့အား ဗြိတိသျှ တမ်မတော်မှ ဖွဲ့စည်းခဲ့သည်။ ထိုအထူးတပ်ဖွဲ့အား ဦးဆောင်သူမှာ ဗိုလ်ချုပ်ကြီး Orde Charles Wingate ဖြစ်သည်။ ၁၉၄၃ ခုနှစ် စောစော ပိုင်းတွင် ဗြိတိသျှ ၏ Chindit တပ်သည် ဂျပန်တို့အား စစ်ဆင်ခဲ့သော်လည်း ဂျပန်တပ်များက တိုက်ခိုက်တွန်းလှန်နိုင်ခဲ့ရာမှ အိန္ဒိယသို့ ပြန်လည် ဆုတ်ခွာခဲ့ရသည်။ နောက် တစ်ဖန် Chindit တပ်သည် ဂျပန်တပ်များအား တိုက်ခိုက်ရန် ပြင်ဆင်နေချိန် ၁၉၄၄ မေလ ၁ ရက်နေ့ တွင် Sergant ဆွန်ခိုပေါင် သည်ဒုဗိုလ်၊ နောက်မကြာမီတွင် ဗိုလ်ရာထူး အထိ တိုးမြှင့်ခြင်းခံရသည်။ Chindit အထူးတပ်သည် ၁၉၄၄ ခုနှစ် အစောပိုင်းတွင် မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်၍ ထိုးစစ် ဆင်နွှဲခဲ့ရာ ဂျပန်တို့အား အသာစီးရရှိပြီး မြန်မာပြည်ဘက်သို့ ဝင်ရောက်ထိုးဖောက်နိုင်ခဲ့ကြသည်။ ထိုသို့စစ်ဆင်နေချိန်တွင် သူ့အား ဗိုလ်ကြီးအဖြစ် ရာထူးတိုးပေးခဲ့ပြီး သူကိုယ်တိုင် တပ်စုတစ်ခုအား ဦးဆောင်ရင်း Chindit တပ်ဖွဲ့နှင့်အတူ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့သည်။ Chindit တပ်သည် ဂျပန်တပ်များကို အိန္ဒိယနှင့် ချင်းတောင်တန်းများမှ မောင်းထုတ် နိုင်ခဲ့သည်။ ဒုတိယအမ္ဘာစစ်ကြီး ပြီးဆုံးသွားသည့်အချိန်တွင် သူသည် မြန်မာပြည်သို့ပြန်လာခဲ့ပြီး ဗိုလ်မှူးရာထူးသို့ တိုးမြှင့်ခြင်းခံရလေသည်။
ချင်းသေနတ်ကိုင်တပ်ရင်းများ ဖွဲ့စည်းခြင်း
ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားလာသောအခါ ဗြိတိသျှစစ်တပ်သည် ချင်းတောင်မှ တပ်သားများထပ်မံစုဆောင်းရင်း Chin Levies တပ်ရင်းများ ဖွဲ့စည်းလာခဲ့သည်။ ချင်းတောင်တပ်ရင်း နှင့် Chin Levies တပ်ရင်းတို့သည် ဒုတိယကမ္ဘာစစ်ကြီးတွင် မြန်မာပြည်မှ ဖက်ဆစ်ဂျပန်တို့အား တိုက်ထုတ်ရာတွင် အရေးပါသည့်တပ်ရင်းများဖြစ်ကြသည်။ စစ်ကြီးပြီးဆုံးသွားသောအခါ Chin Levies မှတပ်သားများ နှင့် အသစ်တပ်မံစုစောင်းထားသည့် တပ်သားများပေါင်းပြီး ချင်းတပ်ရင်းများ ပြန်လည် ဖွဲ့စည်းခဲ့ကြသည်။ ၁၉၄၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ချင်းသေနတ်ကိုင်တပ်ရင်း (၁) ဖွဲ့စည်းရန် Lt.Col. Ruffell နှင့် Lt.Col. Beeche မှတာဝန်ယူဆောင်ရွက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ချင်းသေနတ်ကိုင်တပ်ရင်း (၂) ဖွဲ့စည်းရန်အမိန့်ထုတ်ခဲ့ကြသည်။ Burma Frontier Force မှာတာဝန်ထမ်းဆောင်သူ Chin Levies နှင့်အတူ တာဝန်ထမ်းဆောင်ခဲ့သည့် Major A.R.G Baker မှ တပ်ရင်း (၂) ဖွဲ့စည်းရေးကို တာဝန်ယူဆောင်ရွက်ခဲ့ပြီး တပ်ရင်းသည် ၁၉၄၅ ဒီဇင်လာလတွင် တာဝန်ထမ်းဆောင်ဖို့ အသင့်ပြင်ဆင်ရန်ဖြစ်သည်။ ၁၉၄၈ ဧပြီလ ၃ ရက်နေ့တွင် တီးတိန်မြို့၌ Lt.Col. N.W.Kelly, Major Baker နှင့် တီးတိန်နယ်မှ တိုက်သူကြီး၊ ရွာသူကြီးများ တပ်သားသစ်များစုစောင်းရေးအတွက် အစည်းအဝေးပြုလုပ်ခဲ့ကြသည်။ ကမ်ဟောင်တိုက်သူကြီးမှ တပ်သားသစ် ၄၇၀၊ စုတ်တဲတိုက်သူကြီးမှ တပ်သားသစ် ၁၉၀၊ နှင့် စီးယင်းတိုက်သူကြီးမှ တပ်သားသစ် ၉၀ စုဆောင်းရန် သဘောတူခဲ့ကြသည်။ တိုက်သူကြီးများမှ ပြန်လည် တောင်းခံသည်မှာ မိမိတို့အနေဖြင့် ချင်းတပ်ရင်းရှိလာမည်ကို ကြိုက်နှစ်သက်ကြကြောင်း၊ တပ်ရင်းကိုလည်း ချင်းလူမျိုးများကသာဦးစီးစေလိုကြောင်း၊ တပ်ရင်းရာထူးတိုးရာတွင်လည်း စစ်မှုထမ်းဟောင်းတို့ထံမှ ၅၀% နှင့် အခုအသစ်စုဆောင်းထားတဲ့သူများထဲမှ ၅၀% စသည်ဖြင့် မျှမျှတတ ရာထူးတိုးပေးရန် တောင်းခံခဲ့ကြသည်။ တိုက်သူကြီးများဘက်မှထပ်မံတောင်းခံသည်မှာ Hau Za Lian (Chief of Suangzang) ကို Sudebar ရာထူးခန့်အပ်ရန်၊ သူ့လက်ထောက်အတွက် Hav/Clerk Tual Khen Pau အားခန့်ထားရန် နှင့် Havildar Khan Nen Pau, Havildar Chin Za Dal နှင့် Havildar Thawng Za Khen (Mualbem) တို့အား Jemadars ရာထူးများဖြင့် ခန့်အပ်ပေးရန် ဖြစ်သည်။ ဗြိတိသျှအရာရှိများမှလည်း အစည်းအဝးအတွင်း ချက်ချင်း သဘောတူခဲ့ကြသည်။ ထိုသို့တိုက်သူကြီးများမှလည်း တပ်သားသစ်များ အလွယ်တစ်ကူစုဆောင်းနိုင်ခဲ့ကြပြီး ဗြိတိသျှတပ်မတော်အောက်တွင် အမှုထမ်းခဲ့သည့် ချင်းတပ်သား၊ အရာရှိများပူးပေါင်းပြီး ၁၉၄၅ သြဂုတ်လမှစတင်ကာ တပ်ရင်းတစ်ရင်း၊ အမှတ် (၂) ချင်းသေနတ်ကိုင်တပ်ရင်း ဖြစ်လာခဲ့သည်။ Burma Frontier Force အောက်၌ တပ်ရင်းတစ်ရင်း အဖြစ်ရပ်တည်လာပြီးနောက် ရေစကြို၊ ထိုမှတစ်ဆင့် ၁၉၄၅ နှစ်ကုန်ပိုင်းတွင် ရွှေဘိုသို့ စခန်းချခဲ့ကြသည်။ ၁၉၄၅ နှစ်ကုန်ပိုင်းအထိ တပ်ရင်းမှ ချင်းလူမျိုးအထင်ကရအရာရှိများမှာ ဗိုလ်မှူးဟရန်ထီးယိုး၊ ဗိုလ်မှူးဒါလ်ဇာကာမ် နှင့် ဗိုလ်မှူးလျန်ကျင်ဇမ်တို့ဖြစ်ကြသည်။ ၁၉၄၆ နှစ်တစ်ခုလုံး လေ့ကျင်ရေးဆင်နွှဲခဲ့ကြပြီး ၁၉၄၇ နှစ်ဦးပိုင်းတွင် ရွှေဘိုမှ မင်္ဂလာဒုံသို့ ပြောင်းရွှေ့ခဲ့သည်။ ထိုအချိန်တပ်ရင်း ဦးဆောင်သူမှာ Lt.Col. C.S.Sullivan ဖြစ်သည်။ သူသည် ၁၉၄၅ မေလတွင် ကွယ်လွန်ခဲ့ပြီး Lt.Col. Allen မှသူ့အားအစားထိုးခဲ့သည်။ ၁၉၄၇ နှစ်ကုန်ပိုင်းတွင် ဗိုလ်မှူးဒါလ်ဇာကာမ်အား ဒု-ဗိုလ်မှူးကြီး အဖြစ်သို့ရာထူးတိုးပြီး တပ်ရင်း (၂)၏ တပ်ရင်းမှူးဖြစ်လာခဲ့သည်။ ဗိုလ်မှူး ဆွန်ခိုပေါင်သည် ဒုတပ်ရင်းမှူးဖြစ်လာခဲ့သည်။
၁၉၄၅ ခုနှစ် ဂန္ဒီစာချုပ်
၁၉၄၅ ခုနှစ်တွင် ဗမာ့တပ်မတော်၏ အနာဂတ်နှင့် စပ်လျဉ်းပြီး ဆွေးနွေးရန် သီရိလင်္ကာ၊ ကန်ဒီမြို့၌ ကန်ဒီကွန်ဖရင့်တရပ် ကျင်းပခဲ့သည်။ ဗမာအမျိုးသားတပ်မတော် (BNA) နှင့် ဗြိတိသျှတို့လက်အောက်တွင် သစ္စာရှိစွာ အမှုထမ်းခဲ့သော တိုင်းရင်းသားစစ်တပ်များအား ပူးပေါင်းပြီး ခေတ်သစ်ဗမာ့တပ်မတော် ဖွဲ့စည်းရန် သဘောတူခဲ့ကြသည်။ ပြန်လည်ဖွဲ့စည်းသော ဗမာ့တပ်မတော်တွင် အရာရှိ ၂ဝဝ နှင့် အခြား စစ်သည် ၅၂ဝဝ ပါဝင်သော သေနတ်ကိုင်တပ်ရင်း (၁၅) ခု ပါဝင်ခဲ့သည်။ ထို သေနတ်ကိုင်တပ်ရင်း (၁၅) ခုှတွင် ဗမာ့သေနတ်ကိုင်တပ်ရင်း (၆) ခု၊ ချင်းသေနတ်ကိုင်တပ်ရင်း (၂) ခု၊ ကချင်သေနတ်ကိုင်တပ်ရင်း (၂) ခု နှင့် ချင်းတောင်တပ်ရင်း (တင့်ကားဖျက်တပ်ရင်း)၊ ကရင်သေနတ်ကိုင်တပ်ရင်း (၃) ရင်း နှင့် ဗမာတပ်မတော်အမှတ် (၄) (ဂေါ်ရခါး) တပ်တို့ ပါဝင်ခဲ့သည်။ ဗိုလ်မှူး ဆွန်ခိုပေါင် သည် အသစ်ပြန်လည်ဖွဲ့စည်းထားသော ဗမာ့တပ်မတော်အတွင်းရှိ ချင်းသေနတ်ကိုင်တပ်ရင်း (၂)တွင် ဒုတပ်ရင်းမှူး အဖြစ်တာဝန်ယူဆောင်ရွက်ခဲ့သည်။
၁၉၄၈ ခုနှစ် မြန်မာပြည် လွတ်လပ်ရေးရသောအခါ ဗိုလ်မှူး ဆွန်ခိုပေါင် သည် ဒုဗိုလ်မှူးကြီး အဖြစ် ရာထူးတိုးမြှင့်ခြင်းခံခဲ့ရပြီး၊ ချင်းသေနတ်ကိုင်တပ်ရင်း (၂) ၏ တပ်ရင်းမှူး ဖြစ်လာခဲ့သည်။ ချင်းသေနတ်ကိုင် တပ်ရင်း (၂) မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး Dal Za Kam သည်လည်း ဗိုလ်မှူးကြီး (Colonel) အဖြစ် ရာထူးတိုး မြှင့်ခြင်းခံရပြီး ဗမာ့တပ်မဟာ အမှတ် (၂) တွင် ဗျူဟာမှူး (Tactical Commander) ဖြစ်လာခဲ့ပြီး Tactical Headquarter ပဲခူးသို့ တာဝန်ထမ်းဆောင်ခဲ့သည်။ ချင်းလူမျိုးများထဲတွင် ပထမဆုံး ဗိုလ်မှူးကြီးရာထူး ရရှိသူဖြစ်သည်။ ဒုဗိုလ်မှူးကြီး ဆွန်ခိုပေါင် သည် ဒုဗိုလ်မှူးကြီးအဖြစ် ရာထူးတိုးခံရပြီး ချင်းသေနတ်ကိုင်တပ်ရင်း (၂) အား ဦးဆောင်ကွပ်ကဲသည့်အချိန်တွင် သူသည် အသက် ၂၇ နှစ်သာရှိသေးသည်။
ရောင်စုံသူပုန်ခေတ် မှ ပြည်တွင်းစစ်ကြီးသို့
၁၉၄၈ ခုနှစ် မှစ၍ လွတ်လပ်စ ပြည်ထောင်စု မြန်မာနိုင်ငံသည် တည်ငြိမ်အေးချမ်းမှုမရှိဘဲ လူမျိုးစု အရေး နှင့် နိုင်ငံရေး အယူအဆရေးရာ ပဋိပက္ခပေါင်းစုံ တို့နှင့် ရင်ဆိုင် ခဲ့ရသည်။ ကရင်၊ မွန်၊ ရခိုင် တိုင်းရင်းသား များအတွက် တိကျသော နယ်နိမိတ်များ သတ်သတ်မှတ်မှတ် မရှိသေး သဖြင့် နိုင်ငံတော်အစိုးရ အတွက် ယင်း နယ်နိမိတ်ပြဿနာ များဖြေရှင်းရန် အတွက် တာဝန်ပိလျက်ရှိခဲ့သည်။ ဗမာပြည်လွတ်လပ်ရေး ရ ပြီးစ အချိန်တွင် လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်သော Karen National Defence Organization (KNDO), မွန်အမျိုးသား ကာကွယ်ရေးအဖွဲ့ (MNDO), ကွန်မြူနစ် (အလံနီတပ်)၊ ရခိုင်ကွန်မြူနစ်၊ မူဂျာဟစ်များ စသည်ဖြင့် မြန်မာ ပြည်ဒေသအသီးသီးတွင် ဗဟိုအစိုးရကို ပုန်ကန်ခြားနားကာ လက်နက်ကိုင် လှုပ်ရှားနေကြပြီဖြစ်သည်။ အာဏာရ ဖ.ဆ.ပ.လ အစိုးရ အတွင်းမှာပင် နိုင်ငံရေးအယူအဆ အမျိုးမျိုး ကွဲလွဲနေကြချိန်ဖြစ်သည်။ ၁၉၄၆တွင် ကွန်မြူနစ်ပါတီ (ဗမာပြည်) အတွင်း သခင်သန်းထွန်းဦးဆောင်သော အလံဖြူနှင့် သခင်စိုး ဦးဆောင်သော အလံနီဟူ၍ နှစ်ခြမ်းကွဲခဲ့သည်။ အလံဖြူသည် ဖဆပလ အဖွဲ့ဝင် အဖြစ်ဆက်လက် ရပ်တည်ခဲ့ ပြီး၊ အလံနီမှာမူ ၁၉၄၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အစိုးရအား ပုန်ကန်ကာ တောခိုခဲ့သည်။ သခင်သန်းထွန်း ဦးဆောင်သော အလံဖြူမှာ ဖဆပလ အတွင်းရှိ အကြီးအကဲများနှင့် ဆက်ဆံရေး ပိုမိုဆိုရွားလာခဲ့ပြီး ၁၉၄၈ ခုနှစ်မတ်လတွင် တောခိုသွားခဲ့ပြန်သည်။ ကွန်မြူနစ်တို့ တောခိုကြသောအခါ ကွန်မြူနစ်အပေါ် သံယောဇဉ် ရှိကြသော ပြည်သူ့ရဲဘော်များလည်း တလှုပ်လှုပ်တရွရွ ဖြစ်လာကြသည်။ ၁၉၄၅ ကန်ဒီစာချုပ်အပြီးတွင် Burma National Army မှတပ်သား ၃၅၆၁ ဦးသည် ဗြိတိသျှတို့ဖွဲ့စည်းထားသော ခေတ်သစ်ဗမာ့တပ်မတော်တွင် ပါဝင်ခြင်းမရှိဘဲ ကနဦးပိုင်းတွင် စစ်မှုထမ်း ဟောင်း အသင်းအဖြစ်၎င်း၊ နောက် ပိုင်းတွင် ပြည်သူ့ရဲဘော်တပ်ဖွဲ့ (People Volunteer Army) အဖြစ် ဗိုလ်ချုပ်အောင်ဆန်းမှဖွဲ့စည်းခဲ့သည်။ ဖဆပလ အဖွဲ့ အတွင်းမှာတင် ဗမာ ဆိုရှယ်လစ်ပါတီ နှင့် ပြည်သူ့ရဲဘော်တပ်ဖွဲ့ တို့၏ ပဋိပက္ခ သည် ထိပ်ဆုံးသို့ရောက်ရှိခဲ့သည်။ ထိုကြောင့် ကွန်မြူနစ် များနှင့် ညီညွတ်ရေး ပြန်လည် တည်ဆောက်ရန်အတွက် လက်ဝဲညီညွတ်ရေး အတွက် ဖဆပလ၊ ပြည်သူ့ရဲဘော် နှင့် ဆိုရှယ်လစ် တို့ကကြိုးပမ်းခဲ့ ကြသော်လည်း မအောင်မြင်ခဲ့ပေ။ နောက်ဆုံးတွင် ပြည်သူ့ရဲဘော်တပ်ဖွဲ့သည် နှစ် ခြမ်းကွဲ ခဲ့ကြပြီး ရဲဘော်ဖြူသည် ကွန်မြူနစ်ပါတီနှင့် ပူးပေါင်းကာ တောခိုခဲ့ကြသည်။ ကျန်ပြည်သူ့ ရဲဘော် တပ်ဖွဲ့ဝင်များ မှာ ပြည်ထောင်စုအစိုးရဘက်တွင် ရပ်တည်ခဲ့သည်။
၁၉၄၈ခုနှစ် သြဂုတ် ၁၈ တွင် သရက်မြို့၌ တပ်ချထားသော ဗမာ့သေနတ်ကိုင်တပ်ရင်း (၁)၊ ဗမာ့သေနတ်ကိုင်တပ်ရင်း (၃) ၏ တဝက်ခန့်နှင့် ဗမာ့ သေနတ်ကိုင်တပ်ရင်း (၆) မှ အချို့တို့သည်လည်း ဗမာပြည်ကွန်မြူနစ်ပါတီ (ဗ.က.ပ) နှင့် ပူးပေါင်းပြီး တောခိုခဲ့ကြသည်။ ဗမာ့တပ်မတော်တွင် ဗမာ့သေနတ်ကိုင် တပ်ရင်း ( ၄)၊ တပ်ရင်း (၂)၊ တပ်ရင်း ( ၅) နှင့် တပ်ရင်း (၃) မှ ထက်ဝက်ခန့် နှင့် တပ်ရင်း (၆) မှ အချို့တို့သည် ပြည်ထောင်စု အစိုးရဘက်တွင် ရပ်တည်ခဲ့ကြသည်။ အခြားကြီးမားသော တိုင်းရင်းသားသေနတ်ကိုင်တပ်ရင်း များဖြစ်ကြသော ကရင်၊ ကချင် နှင့် ချင်းတပ်ရင်း တို့သည်လည်း ပြည်ထောင်စုအစိုးရဘက်တွင် သစ္စာရှိစွာ ရပ်တည်ခဲ့ကြသည်။
လွတ်လပ်သောဗမာပြည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ၊ ပြည်ထောင်စုအတွင်း ကရင်ပြည်နယ်ဖွဲ့စည်းရန် ဖြစ်သော်လည်း နယ်နိမိတ်ပြသနာများအား ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပေ။ လွတ်လပ်ရေး ရခါစတွင် ကရင်အရေးကို ကရင်ရေးရာကောင်စီက တာဝန်ယူခဲ့သည်။ ကရင်အမျိုးသား များ သည်လည်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လက်ခံသဘောတူ ခြင်းမရှိဘဲ ကရင်ပြည်နယ် ရရှိရေး ကို တစ်ခဲနက်တောင်းဆိုခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်အတွင်းတွင် ကရင်အမျိုးသားတို့သည် ဗြိတိသျှတို့ လက်အောက်တွင် သစ္စာရှိစွာ အမှုထမ်းခဲ့ကြသည်။ ဗြိတိသျှတို့ အိန္ဒိယသို့ ဆုတ်ခွာသောအခါ ကရင်ရွာများသည် သူတို့၏ မိသားစုနှင့် ရွာများအား ကာကွယ်ရန်အတွက် လက်နက်စွဲကိုင်ခဲ့ကြသည်။ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) နှင့် ဂျပန်တပ်မတော် တို့ ဗမာပြည်အား ဗြိတိသျှတို့ထံမှ သိမ်းယူပြီးသောအခါ BIA သည် ကရင်ရွာများထံမှ လက်နက်များသိမ်းယူရန် ကြိုးပမ်းခဲ့သည်။ သို့သော် ကရင်ရွာသားများက လက်နက်ချရန် ငြင်းဆန်သဖြင့် BIA တပ်နှင့် ကရင်လက်နက်ကိုင်များကြား ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပေါ်လာခဲ့ပြီး၊ ထိုမှတစ်ဆင့် ကရင် နှင့် ဗမာကြား ပြင်းထန်သော လူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပေါ်ခဲ့ရသည်။ ကရင်လူမျိုးနှင့် ဗမာလူမျိုး တစ်ဖက်နှင့် တစ်ဖက် ရက်စက်စွာ သတ်ဖြတ်ခဲ့ကြပြီး ရွာပေါင်းများစွာ ပြာကျကာ ထောင်ပေါင်းများစွာသောလူများ သေကြေပျက်စီးခဲ့ကြရသည်။ ကရင်နှင့် ဗမာလူမျိုးအကြား အဓိကရုဏ်များနှင့် မငြိမ်သက်မှုများ၏ ရလဒ်အဖြစ် ကရင်အမျိုးသားဝါဒ ကြီးထွားလာပြီး လူများစုဗမာတို့၏ ခြိမ်းခြောက်မှုကို ထိရောက်စွာ တုံ့ပြန်ရန်အတွက် အမျိုးမျိုးသော ကရင်အုပ်စုများ ဖွဲ့စည်းခဲ့ ကြပြီး ၁၉၄၇ တွင် Karen Central Organization, Burma Karen National Association, Karen Youth Organization နှင့် Karen National Association စသည့် ကရင် အဖွဲ့အစည်း များအား စုစည်းကာ Karen National Union (KNU) စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လူသိများထင်ရှားသော ရှေ့နေ နှင့် ကရင်နိုင်ငံရေးသမား စောဘဦးကြီးသည် KNU ၏ ပထမဦးဆုံးသော ဥက္ကဌ ဖြစ်ခဲ့သည်။ KNU တည်ထောင်ပြီး ၁၉၄၇ ခုနှစ် ဧပြီလ ၁၆ တွင် KNU ၏ လက်နက်ကိုင်အဖွဲ့အစည်း Karen National Defense Organization (KNDO) အားတည်ထောင်ခဲ့ကြသည်။ ယခင်က လက်နက်ကိုင် ရွာသားများသည် KNDO တွင် ပါဝင်လာကြပြီး အဖွဲ့အစည်းအင်အားသည် လျင်မြန်စွာ ကြီးထွားလာခဲ့သည်။ KNDO ၏ ပြည်ထောင်စုအစိုးရအား တောင်းဆိုချက်မှာ မြစ်ဝကျွန်းပေါ် ဒေသအပါအဝင်၊ ဗမာပြည် အောက်ပိုင်း အားလုံးနီးပါးအား လွတ်လပ်သောကရင်ပြည်နယ်အဖြစ်ပေးရန် ဖြစ်သည်။ ထိုတောင်းဆိုချက် အား ဗမာပြည် အစိုးရမှ ငြင်းပယ်လိုက်သောအခါ နှစ်ဦးနှစ်ဖက်ကြားတွင် တင်းမာမှုများ ကြီးထွားလာခဲ့သည်။
သထုံ နှင့် မော်လမြိုင်ဘက်မှ KNDO နှင့် MNDO တို့၏လှုပ်ရှားမှုမှာလည်း ၁၉၄၈ နှစ်ကုန်ပိုင်းတွင် အဆိုးဆုံး အခြေအနေသို့ရောက်ရှိခဲ့ရသည်။ သထုံဘက်မှ KNDO တပ်များက သထုံခရိုင်ကို သိမ်းပိုက် လိုက်ပြီး MNDO နှင့် KNDO တို့ကလည်း မော်လမြိုင်ကို သိမ်းပိုက်ခဲ့သည်။ ၎င်းတို့အား ပြန်လည် တိုက်ထုတ်ရန်အတွက် ဒုဗိုလ်မှူးကြီးသိန်းနိုင် ဦးစီးသော ကချင်သေနတ်ကိုင်တပ်ရင်း (၂) နှင့် ဒုဗိုလ်မှူးကြီး ဆွန်ခိုပေါင် ကွပ်ကဲသော ချင်းသေနတ်ကိုင်တပ်ရင်း (၂) တို့ကို စစ်ရုံးချုပ်မှ မော်လမြိုင်သို့ စေလွှတ်ခဲ့သည်။ ချင်းတပ်ရင်း (၂) သည် ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ဒုတိယ အပတ်တွင် ပြည်မြို့မှ မော်လမြိုင်သို့ သင်္ဘောဖြင့် ထွက်ခွာခဲ့ကြသည်။ မော်လမြိုင်ရောက်ရောက်ချင်း မြို့တစ်ဝိုက်တွင် ကာကွယ်ရေးအတွက် ခံတပ်များဆောက်လုပ်ပြီးနောက် နီးရာဒေများရှိ KNDO နှင့် MNDO တို့ထံတွင် ချစ်ကြည်ရေးခရီးစဉ်များ စေလွှတ်ရင်း ဒေသလုံခြုံရေးအတွက် ကြိုးပမ်းခဲ့ကြသည်။ ထိုဒေသအား ချင်းတပ်ရင်း (၂) မှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြပြီး မော်လမြိုင်ခရိုင်တစ်ခုလုံး တရားဥပဒေ ပြန်လည်စိုးမိုး စေနိုင်ခဲ့သည်။ မော်လမြိုင် ဒေသဝန်းကျင် လုံခြုံရေးအတွက် ကချင်သေနတ်ကိုင်တပ်ရင်းမှ တာဝန်ယူခဲ့ပြီးနောက်၊ ချင်းသေနတ်ကိုင်တပ်ရင်း (၂) သည်ကျိုက္ခမီ၊ သထုံနှင့် တနင်္သာရီ ပတ်ဝန်းကျင်ရှိ KNDO နှင့် MNDO အားဆက်လက်နှိမ်နင်းရာ၊ ၎င်းတို့လက်အောက်မှ ထိုဒေသများအား ပြန်လည် ရယူနိုင်ခဲ့ကြသည်။
ထိုသို့ ချင်းတပ်ရင်း (၂) သည်မြန်မာပြည်တောင်ဘက်သို့ စစ်ဆင်နေချိန်တွင် ဗမာ့တပ်မတော် နှင့် အင်းစိန် တွင် တပ်စွဲထားသော KNDO တို့အကြား တင်းမာမှုအမြင့်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့သည်။ ၁၉၄၈ နှစ်ကုန်ပိုင်းတွင်ပင် ပြည်တောင်စုအစိုးရမှ တောခိုသွားသော ဗမာပြည်ကွန်မြူနစ်ပါတီ တို့အား ပြည်မြို့တစ်ဝိုက်တွင် နှိမ်နင်းသောအခါ ရန်ကုန်မြို့ရှိ အစိုးရတပ်များကိုပါ စစ်ဆင်ရေးအတွက် စေလွှတ်ခဲ့ ကြသည်။ KNDO တို့သည်လည်း ထိုအခိုက်အတန့်တွင် စစ်ပွဲအတွက်သော်လည်းကောင်း၊ ငြိမ်းချမ်း ရေး အတွက်သော်လည်းကောင်း အသုံးချနိုင်သောခြေအနေတွင်ရှိပြီး အစိုးရစစ်တပ်များ တပ်စွဲ မထားနိုင် သည့် နေရာများတွင် မြို့စောင့်တပ်များအဖြစ် အသုံးပြုရန် ထိုစဉ်က ဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးလည်းဖြစ်သော ဦးနုထံ၌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်စမစ်ဒွန်းက အဆိုပြု တင်ပြ ခဲ့သည်။ ထို KNDO များကို ငြိမ်းချမ်းရေးအတွက် အသုံးပြုလိုကြောင်း နှင့် သူတို့၏သစ္စာရှိမှုနှင့် ယုံကြည် စိတ်ချ ရမှုအတွက် သူကိုယ်တိုင် အာမခံ၊ ကတိပြုခဲ့သည်။ ဝန်ကြီးချုပ်က KNDO အား ရန်ကုန်မြို့ လုံခြုံရေးအတွက် အသုံးပြုရန် သဘောတူခဲ့သည်။ KNDO တို့သည် တွံတေးမြို့အား ကွန်မြူနစ်တို့ထံမှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် တွံတေးမြို့၏ မြို့စောင့်တပ်အဖြစ် ဆောင်ရွက်ရန် ဗိုလ်ချုပ်စမစ်ဒွန်းမှ အမိန့်ပေးခဲ့သည်။ KNDO တို့ တွံတေးမြို့အား သိမ်းပိုက်ပြီးသောအခါ လက်နက်များကို ရန်ကုန်ရှိ ကရင်ခြံဝင်းအတွင်း တွံတေးတူးမြောင်းမှတဆင့် သယ်ဆောင်ခဲ့ကြသည်။ ၁၉၄၉ ခုနှစ်တွင် လက်နက် အပြည့် အစုံ တပ်ဆင်ထားသော တပ်သား (၁ဝဝဝဝ) ထက်မနည်းသည့် KNDO တပ်ဖွဲ့များသည် ရန်ကုန်မြို့၏ အချက်အချကျသော နေရာများတွင် တပ်စွဲထားသောကြောင့် လူထုက မနှစ်မြို့ခဲ့ကြပေ။
ပြည်တွင်းစစ်ကြီးစတင်ချိန် တွင် ဗိုလ်မှုးကြီး ဆွန်ခိုပေါင် နှင့် ချင်းသေနတ်ကိုင်တပ်ရင်း (၂) သည် မော်လမြိုင်တွင် တပ်စွဲနေချိန်ဖြစ်သည်။ ၁၉၄၉ ဖေဖေါ်ဝါရီလမှစပြီး KNDO တို့သည် အင်းစိန် တစ်ခုလုံး ထိန်းချုပ်ထားကြသည်။ ပြည်တောင်စုအစိုးရတပ် မှ ကရင်သေနတ်ကိုင်တပ်ရင်း နှစ်ရင်းသည် လည်း အစိုး ရအား ပုန်ကန်ပြီး KNDO တို့နှင့်ပူးပေါင်းကာ သူတို့တပ်စွဲရာနေရာဖြစ်သော ပြည်မြို့ နှင့် တောင်ငူမြို့ တို့ အား သိမ်းပိုက်ခဲ့ကြသည်။ ၎င်းနောက် ရန်ကုန်အင်းစိန်ရှိ KNDO တပ်တို့နှင့် ပူးပေါင်းရန် ဆုန်ဆင်း ခဲ့ကြသည်။ ရန်ကုန်ရှိ KNDO တပ်တို့သည်လည်း ပြည်တောင်စုအစိုးရတပ်များဖြစ်သော ချင်း သေနတ်ကိုင် တပ်ရင်း (၁) နှင့် ဗမာ့တပ်ရင်း (၅) တို့နှင့် ရန်ကုန် ၏ ဆင်ခြေဖုံးဒေသဖြစ်သော သမိုင်း နှင့် ခဝဲခြံ တစ်ဝိုက်တွင် ပြင်းပြင်းထန်ထန် တိုက်ပွဲများဖြစ်ပွား ခဲ့ကြသည်။ ဝန်ကြီးချုပ်ဦးနုသည် အင်းစိန် တိုက်ပွဲ အတွက် အင်းစိန်စစ်မျက်နှာတွင် အင်အားဖြည့်တင်းရန် ပြင်ဆင်ရတော့သည်။ တဆက်တည်းတွင် ဗိုလ်ချုပ် နေဝင်းသည် ဗိုလ်မှူးကြီး ဆွန်ခိုပေါင် နှင့် သူတပ်ရင်းတစ်ရင်းလုံးအား အင်းစိန်စစ်မျက်နှာတွင် တိုက်ပွဲဝင်ရန် အမိန့်ပေးခဲ့သည်။ ဗိုလ်မှူးကြီး ဆွန်ခိုပေါင် သည် သူ၏ တပ်ရင်းတစ်ရင်းလုံးနှင့်အတူ မော်လမြိုင်လေဆိပ်မှ သုံးရက်အတွင်း စစ်လေယာဉ်ဖြင့် အခေါက်ပေါင်း လေးခေါက်ဆွဲကာ မင်္ဂလာဒုံ လေဆိပ်သို့ ရောက်ရှိခဲ့ကြသည်။ ဤသို့ဖြင့် မတ်လ ဒုတိယအပတ်တွင် ဗိုလ်မှူးကြီး ဆွန်ခိုပေါင် နှင့် ဒုတပ်ရင်းမှူး ဗိုလ်မှူး သွာလ်ခုပ်တို့ ဦးဆောင်သော ချင်းတပ်ရင်း (၂) သည် စော်ဘွားကြီးကုန်းတွင် စစ်မျက်နှာ အသစ်ထပ်ဖွင့်ကာ KNDO နှင့် ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရသော ချင်းတပ်ရင်း (၁) နှင့် အခြား ပြည်ထောင်စုတပ်ရင်းများအား အသက်ရှူချောင်စေခဲ့သည်။ ချင်းတပ်ရင်းများနှင့် ပြည်ထောင်စု တပ်ရင်းများသည် KNDO တို့အားအင်းစိန်မှ တစ်ဖြည်းဖြည်းတိုက်ထုတ်နိုင်ခဲ့ပြီး၊ မေလ ဒုတိယ အပတ်တွင် ချင်းတပ်ရင်းများသည် မင်္ဂလာဒုံ၊ စဉ့်ကူး၊ ဖော့ကန်၊ အောင်ဆန်းဒေသတို့မှ KNDO တို့အား တိုက်ထုတ် နိုင်ခဲ့သည်။ မေလ ၂၁ ရက်နေ့တွင် အင်းစိန်ရှိ စွတ်ကြယ်စက်ရုံတိုက်ပွဲအား ချင်းတပ်ရင်းများမှ အောင်မြင် စွာ အနိုင်ရပြီးနောက် ၁၉၄၉ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် KNDO တို့အား အင်းစိန်မှ တိုက်ထုတ် နိုင်ခဲ့ကြသည်။ ဤသို့ဖြင့် ချင်းတပ်ရင်း များသည် ပြည်ထောင်စုကြီးပြိုကွဲမည့်အရေးမှ ကာကွယ်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။
ချင်းသေနတ်ကိုင်တပ်ရင်း တို့သည် အမိပြည်ထောင်စုမြန်မာနိုင်ငံတော် မပြိုကွဲရေးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြသည်။ ချင်းသေနတ်ကိုင် တပ်ရင်းမှူးများဖြစ်ကြသော ဒုဗိုလ်မှူးကြီးဟရန်ထီယိုး၊ ဒုဗိုလ်မှူးကြီး ဆွန်ခိုပေါင် နှင့် ဒုဗိုလ်မှူးကြီး လျန်ကျင်ဇမ် တို့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအား မပြိုကွဲရန် ကာကွယ်သူများထဲတွင် အဓိကဇတ်ဆောင်များ ဖြစ်ခဲ့ကြသည်။ ထို့အပြင် ဗမာ့သေနတ်ကိုင်တပ်ရင်းများထဲမှ ချင်းတပ်ခွဲတို့သည်လည်း အသက်ပေး တိုက်ပွဲဝင်ခဲ့ကြသည်။ တမ်မတော်စစ်ရုံးချုပ် (War Office) မှတ်တမ်းအရ ၁၉၄၈ ဇန်နဝါရီလမှ ၁၉၅၀ ခုနှစ်အထိ ပြည်ထောင်စုအတွက် ချင်းတပ်ရင်းများမှ ၁၇၇ ဦးကျဆုံး၊ ၁၅၃ ဒဏ်ရာရ၊ ၁၆ဦး ပျောက်ဆုံးခဲ့သည်ဟု ဖော်ပြသည်ကိုတွေ့ရှိနိုင်သည်။
၁၉၄၉ ခုနှစ်သည် ချင်းသေနတ်ကိုင်တပ်ရင်းများ၏ စစ်အရည်အသွေးများ မှတ်ကျောက်တင်ရသောနှစ်ဖြစ်သည်။ အင်းစိန်တိုက်ပွဲတွင် ဒုဗိုလ်မှူးကြီးဟရန်ထီးယိုး ကွပ်ကဲသော ချင်းသေနတ်ကိုင်တပ်ရင်း (၁) မှ အရာရှိခြောက်ဦးတို့သည် မြန်မာနိုင်ငံ သူရသတ္တိဆိုင်ရာ စွမ်းရည်ဘွဲ့တံဆိပ်များတွင် အမြင့်မားဆုံးဖြစ်သော အောင်ဆန်းသူရိယ၊သီဟသူရ နှင့် သူရဘွဲ့များ အသီးသီးဖြင့် ဂုဏ်ပြု၊ချီးမြှင့်ခြင်းခံခဲ့ရသည်။ ထိုဘွဲ့များသည် မိမိအသက်အန္တရယ် ကိုမငဲ့ကွက်ပဲ၊ ကျရောက်သည့်တာဝန်ကို အထူးကျေပွန်စွာ ထမ်းဆောင်သော တပ်မတော်သားများ နှင့် အရပ်သူအရပ်သားများအား ချီးမြှင့်ခြင်းပင် ဖြစ်သည်။ ထိုဘွဲ့ရရှိသူများမှာ ဗိုလ်ကြီးတိုက်ချွန်း (အောင်ဆန်းသူရယ နှင့် သူရ)၊ ဒုဗိုလ် Ca Thuan (သီဟသူရ)၊ ဗိုလ် Hniar Ceu (သူရ), ဗိုလ် Thang Sui (သူရ), ဗိုလ် Ngun Nawl (သူရ) နှင့် ဗိုလ် Run Ling (သူရ) တို့ဖြစ်ကြသည်။ ဗမာ့သေနတ်ကိုင်တပ်ရင်း (၂) မှ ချင်းတိုင်းရင်းသား ဒုတပ်ကြပ် Za Kaia သည်လည်း သီဟသူရဘွဲ့ဖြင့် ချီးမြှင့်ခြင်းခံရသည်။ မြန်မာတနိုင်ငံလုံး သမိုင်းတလျောက်တွင် အောင်ဆန်းသူရိယ ဘွဲ့ရရှိသူမှာ (၆)ဦးသာရှိပြီး အသက်ရှင်လျှက်နှင့်လက်ခံရရှိသူမှာ ချင်းသေနတ်ကိုင်တပ်ရင်း (၁)မှ ဗိုလ်ကြီးတိုက်ချွန်းတစ်ဦးတည်းသာ ဖြစ်သည်။
ဒုဗိုလ်မှူးကြီး ဆွန်ခိုပေါင် ကွပ်ကဲသော ချင်းသေနတ်ကိုင်တပ်ရင်း (၂) မှလည်း အရာရှိ နှင့်စစ်သား (၆၄) ဦးတို့မှ သူရတံဆိပ်ရရှိသူ (၁၂) ဦး၊ စတုတ္ထအမြင့်ဆုံးဘွဲ့ဖြစ်သော သူရဲကောင်းမှတ်တမ်းတင်ဆုရရှိသူ (၂၄) ဦး၊ ပဉ္စမ အမြင့်ဆုံးဘွဲ့ဖြစ်သော Supreme Commander‘s Certificate of Gallantry Award (SCCOG) ရရှိသူ (၂၇)ဦး နှင့် ဆဋ္ဌမ အမြင့်ဆုံးဘွဲ့ဖြစ်သော Certificate of Honour (COG) ရရှိသူ (၁) ဦး တို့ဖြစ်ကြသည်။
ဗမာပြည်ကွန်မြူနစ်ပါတီ (ဗ.က.ပ) စစ်ဆင်ရေး နှင့် ဗမာ့တပ်မတော်မှ ထုတ်ပယ်ခံရခြင်း
အင်းစိန်တိုက်ပွဲအပြီး KNDO တပ်သည် ထိုင်း-ဗမာ နယ်စပ် ဘက်တွင် ဆုတ်ခွာသွားကြသည်။ KNDO တို့ဆုတ်ခွာပြီးသည့် နောက်ပိုင်းတွင် ချင်းသေနတ်ကိုင်တပ်ရင်း (၂) သည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗ.က.ပ) တို့နှင့် ရင်ဆိုင်ရတော့သည်။ ၁၉၅ဝ ဇနန်ဝါရီလတွင် ဒုဗိုလ်မှူးကြီးဆွန်ခေါပေါင် ဦးစီးသော ချင်းသေနတ်ကိုင်တပ်ရင်း (၂) သည် ဗ.က.ပ တို့ထိန်းချုပ်ထားသော ပြည်မြို့ အားသိမ်းပိုက်နိုင်ခဲ့သည်။ ထိုနောက် ဗ.က.ပ တပ်တို့နှင့်တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး သရက်မြို့အား ၁၉၅ဝ ခုနှစ် ဖေဖေါ်ဝါရီလ တွင် သိမ်းပိုက်နိုင်ခဲ့ကြသည်။ ဗိုလ်မှူးကြီး ဆွန်ခိုပေါင် သည် သရက်မြို့၏ လုံးခြုံရေးကို ရှမ်းသေနတ်ကိုင်တပ်ရင်း (၁) သို့လွှဲအပ်ပြီးနောက် ပြည်မြို့အား တပ်ရင်းရုံးချုပ် အဖြစ် သတ်မှတ်ခဲ့သည်။
ထိုနောက်ပိုင်းအဖြစ်အပျက်ကို Dr.Vum Son ရေးသားထားသော Zo History စာအုပ်ထဲတွင် ဖော်ပြထားသည်မှာ … ဒု-ဗိုလ်မှူးကြီးဆွန်ခိုပေါင် နှင့် သူ့တပ်ရင်း ပြည်မြို့တွင် စခန်းချစဉ် သခင်သန်းထွန်းအပါအဝင် ဗ.က.ပ ခေါင်းဆောင်များသည် ပြည်မြို့အနီးတစ်ဝိုက်တွင်ရောက်ရှိကြောင်း မြန်မာ့တပ်မတော် ထောက်လှမ်းရေးမှ သတင်းရရှိသည်နှင့်တစ်ပြိုင်နက် ဒုဗိုလ်မှူးကြီးဆွန်ခေါပေါင် အား ဗ.က.ပ ခေါင်းဆောင်များအား ဖမ်းဆီးရန် အမိန့်ပေးခြင်းခံရသည်။ ယင်း တိုက်ပွဲအတွက် ပြင်ဆင် နေချိန်တွင် သူ၏ အထက်အရာရှိ ဗိုလ်မှူးချုပ် ကျော်ဇောမှ ရက်အနည်းငယ်စောင့်ဆိုင်းရန် အမိန့်ပေး ခဲ့သည်။ နောက်ဆုံး ဒုဗိုလ်မှူးကြီးဆွန်ခေါပေါင် သည် ဗ.က.ပ တို့အားသွားရောက်နိမ်နင်းရာတွင် ဗ.က.ပ ခေါင်းဆောင်တို့သည် လွတ်မြောက်သွားခဲ့ပြီဖြစ်သည်။ ထိုကိစ္စကြောင့် ဒုဗိုလ်မှူးကြီးဆွန်ခေါပေါင် သည် ဗိုလ်မှူးချုပ် ကျော်ဇောအပေါ်တွင် မကျေမနပ်ဖြစ်ကာ အဖြစ်အပျက်များကို စစ်ရုံးချုပ်သို့တိုင်ကြားခဲ့သည်။ ထိုအဖြစ်အပျက်ကြောင့် မိမိအထက်အရာရှိအား တိုင်တန်းဖြင်း၊ စွဲစွဲခြင်းသည် တပ်မတော်စည်းကမ်းနှင့်မညီ ဟုဆိုကာ တပ်မတော် ဥပဒေအရ ဒုဗိုလ်မှူးကြီးဆွန်ခေါပေါင် သည် ရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရသည်။ ၁၉၅၇ ခုနှစ်ဧပြီလတွင် ဗိုလ်မှူးချုပ်ကျော်ဇောသည် ဗ.က.ပ တို့အား အကူညီပေးသည့် အထောက်ထားများတွေ့ရှိသဖြင့် ဗမာ့ တပ်မတော် မှသူ့အား ထုတ်ပယ်ခဲ့သည်။ ထိုနောက်ပိုင်းတွင် သူ၏မူလရာထူးအား ပြန်လည်ထမ်းဆောင်ရန် တောင်းခံခဲ့သော်လည်း အောင်မြင်ခြင်းမရှိခဲ့ချေ .. ဟူ၍ရေးသားထားသည်။
တပ်မတော် စစ်ရုံးချုပ်မှတ်တမ်းတစ်ခု (A Paper on the Chin Affairs in the Army) ထဲတွင်မူ ဒု-ဗိုလ်မှူးကြီး ဆွန်ခိုပေါင်သည် တပမ်မတော် စည်းကမ်းပိုင်းဆိုင်ရာ ဖောက်ဖျက်မှုကြောင့် စစ်ခုံရုံးတင်ရခြင်းဖြစ်ပြီး စစ်ခုံရုံးတင်ရသည့် အကြောင်းရင်းများကို အောက်ပါအတိုင်းရေးသားထားသည်။
“ဒုဗိုလ်မှူးကြီးဆွန်ခိုပေါင်သည် သူ စစ်မှုထမ်းသည့် ကာလတွင် အထက်အရာရှိများ၏ အမိန့်ကို ဖီဆန်ခြင်း၊ အရာရှိများအား ဝေဖန်ခြင်း နှင့် လေးစားမှု မရှိခြင်းများကြောင့် စစ်ရုံးချုပ်မှ သူ့အား ဖမ်းဝရမ်းထုတ်ထားပြီး စစ်ခုံရုံးတွင် စစ်ဆေးစီရင်ရန်စီစဉ်နေသည်။ အမှု စစ်ဆေးဆဲဖြစ်နေသဖြင့် အသေးစိတ်အစီရင်ခံရန် မဖြစ်နိုင်သေးပါ။ အမှု၏ အကြောင်းရင်းခံ တရားများမှာ အောက်ပါအချက်အများကြောင့် တရားစွဲဆိုခံရခြင်းဖြစ်သည်။
၁၅။ ၁၉၄၉ ခုနှစ်နိုဝင်ဘာလ ကေအင်ဒီအို တို့အားစစ်ဆင်ချိန် စာဘူးတောင်းစစ်ဆင်ရေး ဆင်နွှဲနေချိန်တွင် သူ့အား တောင်ပိုင်းစစ်တိုင်းခွဲ (Southern Burma Sub Division) မှ စာဘူးတောင်းရွာ တောင်ဘက်ရှိ လှည်းကူးမြို့ လုံခြုံရေးအတွက် ချင်းသေနတ်ကိုင်တပ်ရင်း (၂) မှ တပ်ခွဲ (Company) တစ်ခွဲပို့ဆောင်ရန် အမိန့်ပေးခဲ့သည်။ သို့သော် ဒု-ဗိုလ်မှူးကြီးမှ “စစ်ဗျူဟာအရ သူ့အနေဖြင့် သူ့တပ်ရင်းအား အုပ်စုနှစ်စုထက်ပိုပြီး မခွဲနိုင်ပါ။ သူ့တပ်ရင်းအတွင်း အုပ်စုခွဲမယ်ဆိုရင်လည်း အုပ်စုတစ်စုတွင် အနည်းဆုံး တပ်ခွဲနှစ်ခွဲမရှိရင် မလွှတ်နိုင်ပါ” လို့အမိန့်ကို ဖီဆန်ခဲ့သည်။ ဒါပေမယ့်နောက်ဆုံး တပ်ခွဲတစ်ခွဲသူပို့လိုက်ရသည်။
၁၆။ ၁၉၅၀ ဇန်နဝါရီလ စစ်ဆင်ရေးတွင် သူ့တပ်ရင်းသည် ရေးဆွဲထားသည့် စစ်ဆင်ရေးအစီအစဉ် ကိုလိုက်နာခြင်းမရှိခဲ့ချေ။ ထို့ကြောင့် တောင်ပိုင်းစစ်တိုင်းခွဲမှ သူ့အား စီစဉ်ထားသည့် အချိန်ဇယားအတိုင်း လိုက်နာရန် အမိန့်ပေးခဲ့သည်။ ထိုအမိန့်အပေါ် ဒုဗိုလ်မှူးကြီး ဆွန်ခေါပေါင်မှ ပြန်လည်တုန့်ပြန်ရာတွင် “ရုံးထဲမှာထိုင်ပြီး စစ်တိုက်ရတာ နှင့် စစ်မြေပြင်မှာ စစ်တိုက်ရတာဟာ မိုး နဲ့ မြေလို ကွာခြားတယ်ဆိုတာ ခင်ဗျားတို့ သိဖို့လိုတယ်” လို့တုန့်ပြန်လိုက်သည်။ ကျွန်တော်တို့နားလည်းချက်အရ နောက်ဆုံးတွင် သူအမိန့်ကို လိုက်နာခဲ့ရသည်။
၁၇။ တစ်ဖန် ၁၉၅ဝ ဇန်နဝါရီလ စစ်ဆင်ရေးမှာဘဲ သူ့တပ်ရင်းထဲမှာ စစ်ရုံးချုပ်ကနေ ခန့်အပ်ထားခြင်းမဟုတ်သည့် သူ့သဘောနဲ့သူ ခန့်အပ်ထားသည့်ဗိုလ်ကြီး တစ်ယောက်ရှိသည်။ ဤသည် ကို စစ်ရုံးချုပ်က သိရှိ၍ ဒုဗိုလ်မှူးကြီးဆွန်ခိုပေါင်အား သူခန့်အပ်ထားသည့် ယာယီဗိုလ်ကြီးတစ်ဦးအား သူ့မူလ ရာထူးဖြစ်သည့် ဗိုလ် (Lieutanant) သို့ ပြန်လည် သတ်မှတ်ရန် စစ်ရာထူးခန့်ချုပ်မှ (Military Secretary for War Office) သူ့အား အမိန့်ပေးခဲ့သည်။ ဒုဗိုလ်မှူးကြီး ဆွန်ခေါပေါင်မှ ပြန်လည်တုန့်ပြန်ရာတွင် “စစ်ဆင်ရေးဆောင်ရွက်နေတဲ့အချိန်၊ ဒီလိုမျိုးအချိန်အခါမှာ သူ့အား ရာထူးအဆင့် ပြန်လျှော့ပေးရန်မှာ ပါးနပ်မှုမရှိတဲ့အလုပ်၊ ပရိယာယ်ကြွယ်ဝခြင်းမရှိတဲ့အလုပ်၊ မရိုးသားတဲ့အလုပ် ဖြစ်သောကြောင့် သူ့အနေဖြင့် မလုပ်နိုင်ကြောင်း” ပြန်လည်တုန့်ပြန်ခဲ့သည်။ ဒီကစ္စတွင်မူ စစ်ရာထူးခန့်ချုပ်မှ သူ့ဆန္ဒကို လိုက်လျောခဲ့ရသည်။ စစ်ရာထူးခန့်ချုပ်မှ ရာထူးလျှော့ရန် အမိန့်ထမ်မံပေးနိုင်ပါသော်လည်း သူခန့်အပ်ထားသည့် ဗိုလ်ကြီး နှင့် တပ်ရင်းမှူးအကြား မသင့်မြတ်မှုများ ထွက်ပေါ်လာမည် စိုးရိမ်သောကြောင့် ဖြစ်သည်။
၁၈။ ၁၉၄၉ ခုနှစ် နိုဝင်ဘာလတွင် တပ်ရင်းတပ်ထိန်းမှ ရိုးရာအရက်သေစာသယ်ဆောင်လာသော အမျိုးသမီးနှစ်ဦးအား ဖမ်းမိခဲ့ရာ မင်္ဂလာဒုံရဲစခန်းသို့ ထိန်းသိမ်းခဲ့သည်။ ထိုအမျိုသမီးနှစ်ဦးသည် ချင်းတပ်ရင်း (၂) မှ မိသားစုဝင်များ ဖြစ်သည့်အကြောင်း နောက်မှသိခဲ့ရသည်။ ချင်းတပ်ရင်း (၂) မှ မင်္ဂလာဒုံရဲစခန်းသို့ ကိုယ်စားလှယ်စေလွှတ်ပြီး ထိုအမျိုးသမီးနှစ်ဦးအား လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ ရဲစခန်းမှလွှတ်ပေးရန် ငြင်းဆန်ခဲ့သည်။ နောက်တစ်နေ့တွင် တပ်ရင်း (၂) မှ တပ်စိတ်တစ်စိတ် နှင့် အရာခံဗိုလ်တစ်ဦး ရဲးစခန်းအား ဝန်းရံပြီး ထိုအမျိုသမီးနှစ်ဦးကို လွှတ်ပေးရန်တောင်ဆိုခဲ့ရာ မင်္ဂလာဒုံရဲစခန်းမှ အင်းစိန်ရဲစခန်းသို့ ပို့ဆောင်ကြောင်း သူတို့သိလိုက်ရသည်။ ထို့နောက် မင်္ဂလာဒုံရဲစခန်းမှ စာရေးတစ်ယောက်အားခေါ်သွားပြီး အင်းစိန်ရဲစခန်းသို့ သွားရောက်ကာ အမျိုးသမီးနှစ်ဦးအား ထုတ်ယူခဲ့ကြသည်။ ထိုအဖြစ်အပျက်တွင် ပါဝင်သည့် စစ်သားများအား စစ်ဆေးပြီးအရေးယူရန် တောင်ပိုင်းစစ်တိုင်းခွဲဌာနမှ ဒုဗိုလ်မှူကြီးဆွန်ခေါပေါင်အား အမိန့်ပေးခဲ့သည်။ ဗိုလ်မှူးကြီးမှ ပြန်လည်တုန့်ပြန်ရာတွင် “သာမန်အခြေအနေအရဆိုရင် တရားမရုံး (Civil Court) ဟာအထွတ်အထိပ်ဖြစ်တယ်ဆိုတာ နားလည်တယ်။ ယခုချိန်မှာ ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့အချိန် ဖြစ်တယ်။ ခင်ဗျားတို့သိတဲ့ တရာမဥပဒေ (Civil Law) လောက်နဲ့ ရိုင်းရိုင်းဆိုင်းဆိုင်း ဆရာကြီးလာလုပ်တာ သိပ်သဘောကျမကျဘူး” [It is a known fact that the civil court is supreme under normal circumstances and it is not very much appreciated that your knowledge of civil law is being professed to me in suah a rude manner] လို့တုန့်ပြန်လိုက်သည်။ ဒီကိစ္စအတွက် သူ့နည်းသူ့ဟန်နဲ့ဘဲ တပ်ရင်းထဲမှာ ဖြေရှင်းလိုက်တယ် လို့ သူအစီရင်ခံထားတယ်။ နောက်ပြီး တောင်ပိုင်းစစ်တိုင်းခွဲဌာနကို စာပြန်ပို့ရာ “ဒီကိစ္စကိုခင်ဗျားတို့ လက်လွှတ်လိုက်ပါ။ ကျွန်တော်ဆုံးဖြတ်တဲ့အတိုင်းဘဲ ရှိပါစေတော့” လို့ပြန်ပို့ခဲ့သည်။ ထိုစာကို အင်းစိန်ခရိုင်ရဲဌာနမှူးရုံး (Insein District Superintentdent of Police) နှင့် အင်စိန်ရာဇဝတ်တရားသူကြီး (Magistrate) ထံသို့ပို့ဆောင်ခဲ့သည်။ ထိုအမျိုးသမီးနှစ်ဦးအား Section 30 (a) of The Exeercise Act ဖြင့်တရားစွဲရန် ပြင်ဆင်သည့် အင်စိန်ရာဇဝတ်တရားသူကြီး (Magistrate) ထံသို့လည်းယင်း အမှုကို ပိတ်ပင်ပေးရန် သီးသန့်စာပို့ခဲ့သည်။
၁၉။ ၁၉၅၀ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် ချင်းတပ်သားနှစ်ဦးသည် ရှေ့တန်းမှ အရပ်သားများစီးသည့်ကားနှင့် ပြန်လာခဲ့ကြသည်။ မင်္ဂလာဒုံဂိတ်တွင် တပ်ကြပ်ကြီးအဆင့်ရှိ တပ်ထိန်းမှ စစ်ဆေးရန်လုပ်ဆောင်မည်အပြုတွင် ချင်းတပ်သားနှစ်ဦးမှ အစစ်ဆေးမခံခဲ့သည့်အပြင် ကားမောင်းသူအား အစစ်ဆေးမခံဘဲ ဆက်လက်မောင်းနှင်ရန် အမိန့်ပေးခဲ့ပြီး ဂိတ်ကိုကျော်ဖြတ်ခဲ့ကြသည်။ အဲဒီအဖြစ်အပျက်ကို တပ်ရင်းတပ်ထိန်းမှ တပ်ရင်းမှူး ဆွန်ခိုပေါင်ထံသို့ တိုင်ကြားခဲ့ရာ .. တပ်ရင်းမှူးမှ “ချင်းတပ်သားတွေလောက် ပြည်ထောင်စုအပေါ်မှာ သစ္စာရှိတဲ့သူမရှိဘူး၊ ချင်းတပ်သားတွေ ပြည်ထောင်စုအပေါ်မှာ အန္တရာယ်ပြုမှာမဟုတ်ဘူး။ ဒီကိစ္စက အသေးမွှားကိစ္စလေးဖြစ်တဲ့အတွက် ဘာမှစစ်ဆေးရန်မလိုပါ” လို့တုန့်ပြန်ခဲ့သည်။ တောင်ပိုင်းစစ်တိုင်းခွဲဌာနမှ တပ်မတော်ထဲတွင် လူမျိုးတစ်မျိုးကို အသာပေးသည့် ဓလေ့မရှိကြောင်း၊ မည်သူမဆို တပ်မတော်စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းပြောကြားရာတွင် တပ်ရင်းမှူးမှ .. “ဒီကိစ္စရဲ့အရင်းမြစ်ကတော့ စစ်ဆေးတဲ့သူဟာ သူ့ရာထူးနဲ့ထိုက်သင့်သလို မနေလို့သာဖြစ်ခြင်းဖြစ်ကြောင်း၊ ကျွန်တော့တပ်သားတွေထဲမှာ အစိုးရကို ပုန်ကန်တဲ့သူမရှိသလို ချင်းတပ်သားတွေ ဒုက္ခမျိုးစုံးခံစားရတဲ့ကြားမှာ အခုလိုမျိုး အသေးမွှားကိစ္စလေးနဲ့ တပ်ရင်းကို လာရှုပ်ကြတာ မိမိအနေဖြင့် အံ့အားသင်မိကြောင်း။ ၄-၁-၄၈ မှစပြီး ကျွန်တော်အပါအဝင် ကျွန်တော့တပ်သားတွေရဲ့ စစ်သားမဆန်တဲ့ လုပ်ဆောင်ချက်တွေရှိရင် အကြောင်းကြားပါ။ ရှိခဲ့သည်ဆိုရင် တပ်ရဲ့စည်းကမ်းအတိုင်းလိုက်နာ ဆောင်ရွက်မှာဖြစ်ကြောင်း” တုန့်ပြန်ခဲ့သည်။
၂၀။ တစ်ဖန် ၁၉၅၀ ခုနှစ် ဖေဖော်ဝါရီလ တွင် ဗမာ့တပ်မတော်ထဲမှာ ချင်းတပ်သားတွေချဉ်းဘဲ တပ်မဟာ (Brigade) တစ်ခုစာလောက်ရှိပြီဖြစ်တဲ့အတွက် ချင်းလူမျိုးထဲမှာ ချင်းအရာရှိတစ်ယောက်ကို ဗိုလ်မှူးချုပ် (Brigadier) ရာထူးပေးရန် ချင်းရေးရာကောင်စီထံသို့ တင်ပြခဲ့သည်။ ချင်းရေးရောကောင်စီမှ စစ်ရေးချုပ်ရုံးသို့ ထမ်မံတင်ပြခဲ့သည်။ စစ်ရေးချုပ်ရုံးမှ ပြန်လည်တုန့်ပြန်ရာတွင် တပ်မတော်ထဲတွင် ရာထူးတို့ခန့်အပ်ရခြင်းသည် စစ်သားဦးရေနှင့် သက်ဆိုင်ခြင်းမရှိကြောင်း၊ စစ်ဘက်ဆိုင်ရာတွင် စီနီယာကျသူ၊ ဝါရင့်သူ၊ သက်တမ်းရင့်သူ နှင် အုပ်ချုပ်ရေးပိုင်း ကောင်းမွန်သူ (seniority in consistant with efficiency) တို့ကိုသာ ရာထူးတိုးလေ့ရှိကြောင်း၊ ထိုသို့ရာထူးတိုးရာတွင် လူမျိုးခွဲခြားခြင်းမရှိဘဲ တပ်မတော် ရာထူးတိုးရေးဆိုင်ရာတွင် လိုအပ်သည့် အချက်အလက်များ (promotion rules) နှင့် ပြည့်စုံဖို့ လိုအပ်ကြောင်း … တုန့်ပြန်ခဲ့သည်။ ထိုတုန့်ပြန်ချက်ကို ချင်းရေးရာကောင်စီမှ ချင်းတပ်ရင်းများအားလုံး နှင့် ယူ.အမ်.ပီ တပ်ရင်းထံသို့ ပို့ခဲ့ကြသည်။ တပ်ရင်း (၂) မှတပ်ရင်းမှူး ဒုဗိုလ်မှူးကြီးဆွန်ခေါပေါင်မှ ချင်းရေးရာဌာန နှင့် အခြားချင်းတပ်ရင်းများသို့ ပြန်လည်တုန့်ပြန်ရာတွင် … စစ်ရုံးချုပ်ရဲ့ မူများကို ဝေဖန်ခဲ့သည်သာမက .. သူ့ အထက်အရာရှိ ဗိုလ်မှူးချုပ် ကျော်ဇော အားရာထူးတို့းပေးသည့် အချက်များကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ ဒုဗိုလ်မှူးကြီးဆွန်ခေါပေါင်မှ ထိုစာထဲတွင် …. ရာထူးတိုးရာတွင် စစ်ရုံးချုပ်ပြောသည့် seniority in consistant with efficiency နှင့် တပ်မတော် ၏ ရာထူးတိုးရေးဆိုင်ရာတွင် လိုအပ်သည့် အချက်အလက်များ (promotion rules) နှင့် ပြည့်စုံဖို့ လိုအပ်ကြောင်းဆိုသည့်အချက်မှာ လက်တွေ့အားဖြင့် အကောင်အထည်ဖော်ခြင်း မရှိသည်ကို တွေ့ရှိနိုင်သည်။ သာဓကအားဖြင့် ဗိုလ်မှူးချုပ် ကျော်ဇောကို ရာထူးတိုးပေးတုန်းက ခင်ဗျားတို့ပြောတဲ့ အချက်အလက်တွေနဲ့ စိစစ်ပြီးမှ ပေးတာမဟုတ်တာသေချာပါတယ်။ သူဟာ အမျိုးကိုချစ်တယ်၊ အလုပ်ကြိုးစားတာမှန်တယ် … ဒါပေမယ့် ခင်ဗျားတို့ပြောတဲ့ ဝါရင့်သူ၊ အုပ်ချုပ်ရေးဘက်မှာ ကောင်းကောင်းမွန်မွန်အုပ်ချုပ်နိုင်သူ၊ ပညာရေးမှာထူးချွန်သူ၊ စစ်ဘက်ဆိုင်ရာ ထူးချွန်သူစတဲ့အချက်တွေနဲ့ ပြည့်စုံတဲ့သူ ဖြစ်ပါသလားဆိုတာ မေးခွန်းထုတ်စရာရှိတယ်။ ချင်းတပ်ရင်းတွေရဲ့အမြင်မှာ သူဟာ ဗမာလူမျိုးမိုလို့ ရာထူးတိုးပေးတာဖြစ်တယ်။ ဗမာပြည်သူတွေကသူ့ကို ရာထူးကြီးကြီးနဲ့မြင်ချင်လို့ ရာထူးတိုးပေးတာဘဲလို့မြင်တယ်။ သူ့လိုဘဲ ကျွန်တော်တို့ ချင်းတပ်ရင်းတွေလည်း အလုပ်ကြိုးစားတယ်။ ပြည်ထောင်စုအပေါ်မှာ သစ္စာရှိတယ်။ ပညာရေးဘက်မှာဘဲဖြစ်ဖြစ်၊ စစ်ရေး၊ အုပ်ချုပ်ရေးဘက်မှာ ကောင်မွန်သေသပ်စွာ ဆောင်ရွက်နိုင်တဲ့ အမျိုးကိုချစ်တဲ့စိတ် နှင့် သစ္စာရှိတဲ့ ချင်းအရာရှိတွေ ဗိုလ်မှူးချုပ်ရာထူးနှင့်ကိုက်ညီတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ ချင်းအရာရှိတွေရှိတယ် …… လို့ တုန့်ပြန်လိုက်သည်။ တစ်ချိန်တည်း ချင်းရေးရာဌာနကိုလည်း ရာထူးတိုးပေးရေးတွင် ပြင်းပြင်းထန်ထန် တောင်းဆိုခြင်းမရှိတာကြောင့် ဝေဖန်ခဲ့သည်။
ဒု-ဗိုလ်မှူးကြီးဆွန်ခိုပေါင်ဟာ သူ့စိတ်ထဲကရှိတာကို လွတ်လပ်စွာပြောဆိုလေ့ရှိတယ်။ သူ့ကိုယ်သူပြောပိုင်ခွင့်ရှိတယ်လို့ သူယူဆပေမယ့်လည်း သူဟာ နိုင်ငံသားတစ်ဦးဖြစ်တယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ရမယ့်တာဝန် သူ့မှာရှိတယ်။ ဖွဲ့စည်းဖုံအခြေခံဥပဒေထဲမှာ တပ်မတော်သားများ သူတို့တာဝန်ထမ်းဆောင်ရန် လိုက်နာရမည့်စည်းကမ်းများရှိပြီး ဥပဒေစိုးမိုးရေး နှင့် စည်းကမ်းထိန်းသိမ်းရေးတာဝန်များ ထမ်းဆောင်ကြသည့် ကာကွယ်ရေးဌာနအောက်မှ ဝန်ထမ်းများ၏ လွတ်လပ်စွာပြောဆိုခွင့်ကို အတိုင်းအတာတစ်ခုအထိသာ ခွင့်ပြုသည် (restricting to a great extent this right of free expression for members of the defence forces)။ တပ်မတော်စည်းကမ်းထဲမှာလည်း လွပ်လပ်စွာပြောဆိုဝေဖန်ခွင့်ကို အတိုင်းအတာတစ်ခုအထိသာ ခွင့်ပြုထားသည်။ သူ့အနေဖြင့် အထက်အရာရှိများ မကြာခဏဝေဖန် လေ့ရှိသည်ကို အထက်အရာရှိများ အချိန်အတန်ကြာ သည်းခံခဲ့ကြသည်။ အထူးသဖြင့် ချင်းတပ်ရင်းသုံးရင်းကို ဦးစီးတဲ့ အထက်အရာရှိကို ဗိုလ်မှူးချုပ်ခန့်ထားခြင်းမှာ ထိုက်ထံမှုမရှိကြောင်း ချင်းအရာရှိများထံတွင် ဝေဖန်ခြင်း နှင့် စစ်ရုံးချုပ်မှ ဗမာလူမျိုးကိုသာ ဦးစားပေးပြီးရာထူးတိုးကြကြောင်း စသည်တို့ကို ချင်းအရာရှိနှစ်ဦးထံတွင် ဝေဖန်ခြင်းသည် ပူးပေါင်းလိမ်လည်ရန် ညှိထားခြင်းသာဖြစ်သည်။
ထို့ကြောင့် တပ်ဦးစီးချုပ်တွင် စည်းကမ်းထိန်းသိမ်းရမည့် တာဝန်ရှိသည်နှင့်အမျှ ဒု-ဗိုလ်မှူးကြီးအား အရေးမယူလျင် ဒု-ဗိုလ်မှူးကြီးနဲ့ ပူးပေါင်းကြံစည်သူအဖြစ် ထင်မြင်ခံရနိုင်သည်။ ထို့ကြောင့် တပ်ဦးစီးချုပ်အနေဖြင့် သူ့အားဖမ်းဆီးထိမ်းသိမ်းရန် နှင့် စစ်ခုံရုံးတင်ရန် အမိန့်ထုတ်ရခြင်းဖြစ်သည်။ တပ်ဦးစီးချုပ်အနေဖြင့် ဥပဒေဘောင်အတွင်း ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန် အခွင့်အရေးပေးထားသည်။ ယခုအခါ သူ့မှာ အပြစ်ရှိ၊ မရှိကို စစ်ခုံးရုံး ၏ ဆုံးဖြတ်ချက်ကိုသာ စောင့်ကြည့်ရမည်ဖြစ်သည်” ဟူ၍တွေ့ရှိနိုင်သည်။
ထိုသို့ စစ်ခုံရုံးမှ သူ့အမှုအား စစ်ဆေးပြီးနောက် ၁၉၅၀ ခုနှစ် ဧပြီလတွင် တပ်မတော်မှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။
ကော်ဖီစိုက်ပျိုးရေး
တမ်မတော်မှ ထုတ်ပယ်ခံရပြီးနောက် ၁၉၅ဝခုနှစ် အောက်တိုဘာလတွင် British Mission မှဦးစီးကျင်းပသော Burma Army Staff College ၆လ သင်တန်းသို့တက်ရောက်ရန် စစ်ရုံးချုပ်မှ သူ့အားရွေးချယ်ခဲ့သည်။ ထိုသင်တန်းပြီးဆုံးပြီးနောက် ၁၉၅၄ ခုနှစ် ဇူလိုင်လတွင် ဝန်ကြီးချုပ်ဦးနုမှ သူ့အား အစိုးရကော်ဖီစီမံကိန်းတစ်ခုတွင် အလုပ်လုပ်ရန် ကမ်းလှမ်းခြင်းခံရသည်။ Pu Son Kho Pau ၏ဖခင်သည် ထုတ်လိုင်ရွာတွင် ကော်ဖီစိုက်ပျိုးရေး လုန်ငန်း လုပ်ကိုင်ခဲ့ရာ သူသည်လည်း ငယ်ရွယ်စဉ်ကတည်းက ကော်ဖီစိုက်ပျိုးရေးနှင့် ရင်းနှီးခဲ့သူဖြစ်သည်။ ထို့ကြောင့် ဦးနုမှသူ့အား အစိုးရကော်ဖီစီမံကိန်းသို့ အလုပ်ကမ်းလှမ်းရာတွင် သူသည် ဝမ်းသာစွာဖြင့် လက်ခံခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် အစိုးရမှသူ့အား အင်းဒိုနီးရှား နိုင်ငံသို့ ကော်ဖီစိုက်ပျိုးရေး နှင့် ထုတ်လုပ်ရေး ပညာတော်သင်အဖြစ် ၉လကြာ စေလွှတ်ခဲ့ပြီးနောက် ပြင်ဦးလွင်၊ အနီးစခန်း ကော်ဖီစိုက်ပျိုးရေးစီမံကိန်းသို့ အထွေထွေမန်နေဂျာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ အနီးစခန်းတွင် လေးနှစ်ကြာတာဝန်ထမ်းဆောင်ပြီးနောက် ၁၉၅၉ ခုနှစ်တွင် ချင်းပြည်တွင် ကိုယ်ပိုင် ကော်ဖီ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အလုပ်မှနုတ်ထွက်ခဲ့သည်။ Pu Son Kho Pau ၏ မိသားစုသည် ကလေးမြို့ တာဟန်း တွင်အခြေချပြီး စီးယင်းနယ် Theizang ရွာနားတွင် ကော်ဖီ စိုက်ပျိုးရေး လုပ်ငန်များလုပ်ကိုင်ပြီး၊ သူ၏ဇနီးသည် မှာ သူနာပြုဖြစ်သည်နှင့်အမျှ တာဟန်းတွင် ဆေးဆိုင်ဖွင့် လှစ်ခဲ့ သည်။ ထိုနောက် ၁၉၆၁ ခုနှစ်တွင် Kalay Valley Baptist Association သို့ Assistant General Secretary အဖြစ်လည်းကောင်း၊ ၁၉၆၂-၆၃ ခုနှစ်တွင်မူ အချိန်ပိုင်း Assistant General Secretary အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်သည့် တော်လှန်ရေးကောင်စီအစိုးရအား တော်လှန်ခြင်း
၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်သော တော်လှန်ရေးကောင်စီမှ တိုင်းပြည် အာဏာကို သိမ်းယူခဲ့ပြီး ဇူလိုင် ၄ ရက်နေ့တွင် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီအား တည်ထောင်ခဲ့သည်။ ၁၉၆၄ ခုနှစ်မှစတင်ကာ နိုင်ငံအတွင်းရှိ စက်ရုံနှင့် ပုဂ္ဂလိက လုပ်ငန်းများအားလုံး ပြည်သူပိုင်အဖြစ် သိမ်းဆည်းခဲ့သည်။ ထိုသို့ ပြည်သူပိုင် သိမ်းရာ တွင် ဦးဆွန်ခိုပေါင် မိသားစု ပိုင် ဆေးဆိုင် သည်လည်း ပြည်သူပိုင်အဖြစ် အသိမ်းဆည်းခြင်းခံခဲ့ရသည်။ နောက်ပြီး မြန်မာနိုင်ငံသည်လည်း ကွန်မြူနစ်ဆန်ဆန် အာဏာရှင် စနစ် ဘက်သို့ ဦတည်လာခဲ့သည်။ ထိုသို့တော်လှန်ရေးကောင်စီ၏ လုပ်ရပ်များအား လက်ပိုက် ကြည့် မနေနိုင်တော့သည့်အဆုံး တော်လှန်ရေးကောင်စီအစိုးရအား တော်လှန်ပြီး လွတ်လပ်သောချင်းပြည်ထူထောင်ရန်အတွက် ချင်းအမျိုးသားလက်နက်ကိုင် တော်လှန်ရေးကို စတင်ရန် မြန်မာပြည်မှထွက်ခွာခဲ့သည်။
အခြားချင်းခေါင်းဆောင်များ နှင့် လွှတ်တော်အမတ်ဟောင်းများဖြစ်ကြသော Pu Hrang Nawl (Ex-MP), Pu Dam Kho Hau, Pu Pa Cung Nung, Pu Mang Kho Pau, Pu Son Cin Lian (Ex-MP), Pu Ral Hmung (Ex-MP), Pu Hmun Hre and Pu Ro Thang (Ex-MP) တို့သည်လည်း သူတို့ အစီအစဉ် ကိုယ်စီဖြင့် တော်လှန်ရေးစတင်ရန် အိန္ဒိယသို့ ထွက်ခွာခဲ့ကြသည်။ ချင်းတော်လှန်ရေးသမား အားလုံးတို့သည် အိန္ဒိယ-မြန်မာနယ်စပ် တစ်လျှောက်တွင် ကိုယ်စီစခန်းချခဲ့ကြသည်။ အိန္ဒိယအစိုးရက ချင်း တော်လှန်ရေးသမားများအား နယ်စပ် ၂၅ မိုင်ပတ်လည် အတွင်း ခိုလှုံခွင့်ပေးခဲ့ပြီး သူတို့၏ နေထိုင် စားသောက်ရေး အတွက် ငွေကြေး အကူအညီ ပေးခဲ့သည်။
ဦးဆွန်ခိုပေါင် သည် ၁၉၆၄ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင်အိမ်မှထွက်ခွာပြီး အိန္ဒိယနိုင်ငံ မဏီပူရ် သို့သွားရောက်ခဲ့သည်။ ၁၉၆၄ နှစ်ကုန်ပိုင်းတွင် ကျမ်ဖိုင် သို့ရောက်ရှိခဲ့ပြီး ဦးသွန်ခိုပုမ် နှင့်တွေ့ ဆုံခဲ့သည်။ ဦးသွန်ခိုပုမ် သည် Paite National Council ၏ခေါင်းဆောင်ဖြစ်သည်။ သူတို့ နှစ်ဦး တွေ့ဆုံပြီးနောက် ချင်းလက်နက်ကိုင် တော်လှန်ရေး အဖွဲအစည်း တစ်ရပ် တည်ထောင်ရန် ဆုံးဖြတ် ခဲ့ကြသည်။ အခြားချင်းခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့ပြီး ဦးဟရန်နောလ် နှင့် အခြား ခေါင်းဆောင်များ၏ သဘောတူညီမှုဖြင့် ဦးဆွန်ခိုပေါင် နှင့် ဦးသွန်ခိုပုမ် တို့သည်တပ်သား ၃ဝ နှင့်အတူ အရှေ့ပါကိစ္စတန် နိုင်ငံ (ယ္ခု ဘင်္ဂလားဒေရှ်) သို့ စစ်သင်တန်းတက်ရောက်ရန် ၁၉၆၅ နှစ်ဦးပိုင်း တွင် ထွက်ခွာခဲ့ကြသည်။ သူတို့သည် လမ်းခရီးတွင် တပ်သားများ ထပ်မံစုစောင်း ခဲ့ကြသည်။ လမ်းခရီးတွင် သူနှင့် ဦးသွန်ခိုပုမ် သည်စည်းလုံးသောချင်းအစိုးရ (United Chin Government) အားဖွဲ့စည်းခဲ့ကြပြီး ဦးသွန်ခိုပုမ် အားဝန်ကြီးချုပ်အဖြစ်၊ ဦးဆွန်ခိုပေါင် အား ကာကွယ်ရေး ဝန်ကြီးအဖြစ်၊ ဦးဟရန်နောလ် အား နိုင်ငံခြားရေး ဝန်ကြီး အဖြစ်ခန့်အပ်ခဲ့ကြသည်။ ထိုအကြာင်းကိုမူ ဦးဟရန်နောလ် မှမသိရှိခဲ့ပေ။ သုံးလ စစ်လေ့ကျင့်ရေးဆင်းပြီးနောက် တပ်သား ၁၅ဝ နှင့် အတူ စခန်းသို့ပြန်သွားရန် ပြန်သွားရန်ပြင်ဆင်ခဲ့ကြသည်။ အပြန်လမ်း တွင် ရခိုင်တောင်တန်း နှင့် ချင်းတောင်တန်း ဒေသအား ဖြတ်သန်းကြရမည် ဖြစ်ရာ ဗမာ့တပ်မတော် နယ်စပ်စခန်းမှ တပ်သားများနှင့် တိုက်ပွဲဖြစ်နိုင်ချေရှိသည်။ သူတို့ပြန်လာမည့်အကြောင်းအား Champhai ရှိချင်းခေါင်းဆောင်များအား အကြောင်းကြားပြီးနောက် Champhai ရှိချင်းခေါင်းဆောင်များသည် သူတိ့ု အပြန်ခရီးအဆင်ပြေနိုင်ရန်အတွက် ချင်းပြည်နယ်ရှိ အစိုးရတပ်စခန်းများအား ဝင်ရောက် တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ အစိုးရတပ်အား အာရုံလွဲစေရန် နှင့် ဘဏ္ဍာငွေ ရရှိနိုင်ရေးအတွက် ဦးဟရန်နောလ် သည်ဟားခါးမြို့ပေါ်မှ ရဲစခန်းအား တိုက်ခိုက်ရန်ထွက်ခွာခဲ့သည်။ ဦးဟရန်နောလ် သည်တပ်သား ၂၂ ဦးအားဦးဆောင်ပြီး ရိ တွင် တပ်ဆွဲထားသော မြန်မာတပ်စခန်းအား သိမ်းပိုက်နိုင်ခဲ့သည်။ သူတို့ဟားခါး စခန်းအရောက်တွင်ပင် အစိုးရရဲတပ်ဖွဲ့ သည် ကြိုတင်သတင်းရရှိထားသဖြင့် အဆင်သင့် နေရာယူတပ်စွဲထားပြီးဖြစ်သည်။ တိုက်ပွဲငယ် ဆင်နွဲကြ ပြီးနောက် နောက်ပြန်လည်ဆုတ်ခွာ ရန် ဆုံးဖြတ်ခဲ့ ကြသည်။ ထိုတိုက်ပွဲတွင် ဦးဟရန်နောလ် တို့ဘက်မှ တစ်ဦးကျဆုံးခဲ့သည်။
တစ်ပြိုင်တည်း Pu Thual Zen ခေါင်းဆောင်သော တပ်သား ၇ဝဝ ကျော်သည်လည်း တီးတိန်ရှိ အစိုးရတပ်စခန်းများအား တိုက်ခိုက်ရန် ချီတက်ခဲ့ကြသည်။ သို့သော် ထိုအချိန်က အနောက်မြောက်ပိုင်းစစ်ပိုင်းစစ်ဌာနချုုပ်တိုင်းမှူး ဗိုလ်မှူးကြီး ဗန်ကုလ် နှင့် ချင်းတောင်အရေးပိုင် ဦး ထောင်းကျင်တန်း တို့မှ ဖျောင်းဖျနိုင်ခဲ့ခြင်းကြောင့် တိုက်ပွဲ မဖြစ်ခဲ့ချေ။ ဦးဆွန်ခိုပေါင် နှင့်တပ်သားတို့သည်လည်း နယ်စပ်တွင် ရောက်ရှိခဲ့ကြပြီး ချင်းတော်လှန်ရေး ခေါင်းဆောင်များနှင့် တစ်ဖန်ပြန်လည်တွေ့ဆုံခဲ့ကြသည်။ တော်လှန်ရေး စတင်ကတည်းက ချင်းခေါင်းဆောင်များအကြား သဘောထားကွဲလွဲခဲ့ကြသည်။ ဦးဆွန်ခိုပေါင် နှင့် ဦးသုန်ခိုပုမ် တို့ နှစ်ဦး ကမူ မြန်မာပြည်နှင့် အန္ဒိယ နိုင်ငံတွင်ရှိသော ချင်းလူမျိုးများကိုပြန်လည်ပေါင်းစည်းကာ လွတ်လပ်သော ချင်းနိုင်ငံတော် ထူထောင်ရန်အတွက် မြန်မာအစိုးရ နှင့် အိန္ဒိယအစိုးရ နှစ်ခုစလုံးအားတပြိုင်နက်တည်း တော်လှန် တိုက်ခိုက် ရန် ဆန္ဒရှိကြသည်။ အခြားအုပ်စု ဖြစ်သော ဦးဟရန်နောလ်, Pu Son Cin Lian, Pu Dam Kho Hau, Pu Pa Cung Nung, Pu Mang Kho Pau, Pu Ral Hmung, Pu Hmun Hre, Pu Ro Thang နှင့် Pu Thual Zen တို့ကမူ အိနွိယအစိုးရကို တော်လှန်လို့အဖြစ်နိုင်ကြောင်း၊ ထိုသို့တော်လှန်ပါက မိမိတို့နေစရာနေရာပင်ရှိမှာ မဟုတ်ကြောင်းဆိုပြီး တော်လှန်ရေးကောင်စီ အစိုးရကိုသာ တော်လှန်ချင်ကြသည်။ ထို့ကြောင့် ခေါင်းဆောင်နှင့် တပ်သားများအကြား မဲခွဲဆုံးဖြတ်ရာမှ ဦးဟရန်နောလ် ဘက်မှ အနိုင်ရရှိခဲ့ပြီး ဦးဟရန်နောလ် မှ ဦးဆွန်ခိုပေါင် အား ကာကွယ်ရေးဝန်ကြီးမှ ဖြုတ်ချခဲ့ရာ လမ်းခွဲခဲ့ကြရသည်။
ဦးဆွန်ခိုပေါင် နှင့် ဦးဟရန်နောလ် တို့လမ်းခွဲပြီး ဦးဆွန်ခိုပေါင် နှင့်အဖွဲ့သည် Naga National Council မှခေါင်းဆောင်များနှင့်တွေ့ဆုံရန် Nagaland သို့ထွက်ခွာခဲ့ရသည်။ ထိုသို့ခရီးနှင်ရာလမ်းခရီးတွင် 7th Assam Rifles မှ ဦးဆွန်ခိုပေါင် နှင့် အဖွဲ့ အားဖမ်းဆီးခဲ့သည်။ ဦးဆွန်ခိုပေါင် သည် 7th Assam Rifles မှတပ်သားများအား နာဂတပ်သားများထင်မှတ်ပြီး ခုခံမှုမပြုခဲ့ကြပေ။ နာဂတပ်သား များ သည် သူတို့အား ကြိုဆိုရန်အစီအစဉ်ရှိပြီးဖြစ်သည်။ ထို အဖြစ်အပျက် မှာ ၁၉၆၅ ခုနှစ် ဇွန်လ တွင် ဖြစ်သည်။ အခြားချင်းတော်လှန်ရေး ခေါင်းဆောင်များသည် လည်း အန္ဒိယ အစိုးရ မှ ဖမ်းဆီးခြင်းခံခဲ့ကြရသည်။ ၁၉၆၅ ခုနှစ်တွင် အိန္ဒိယအစိုးရ နှင့် မြန်မာအစိုးရတို့သည် နယ်စပ်ရှိ လက်နက်ကိုင် လှုပ်ရှားသူများအား နှစ်ဖက်ပူးပေါင်းနှိမ်နင်း ရန် သဘောတူခဲ့ကြသည်။ ထို့ကြောင့် ဦးဆွန်ခိုပေါင် နှင့် အခြားချင်း ခေါင်းဆောင်များအား ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။ ဦးဆွန်ခိုပေါင် သည်အဖမ်းခံရပြီး Imphal ထောင်တွင်တစ်နှစ်ခန့် အကျဉ်းချခြင်းခံရသည်။ ထိုနောက်အိန္ဒိယအစိုးရမှ မြန်မာအစိုးရထံသို့ ၁၉၆၆ခုနှစ် သြဂုတ်လ ၁ဝ ရက်နေ့တွင် လွှဲအပ်ခဲ့ပြီး မန္တလေး ထောင်တွင် သူ့အား အကျဉ်းချ ခဲ့သည်။ ၁၉၇ဝ ဧပြီလ ၂၁ ရက်မှ ၁၉၇၁ နိုဝင်ဘာလ ၇ ရက်နေ့အထိ ချင်းပြည်နယ် ဖလမ်း တရားရုံးတွင် စစ်ဆေးခြင်း ခံရပြီးနောက် ၁၉၇၁ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် မုံရွာထောင်သို့ ပြောင်းရွှေ့ကာအကျဉ်း ချခြင်းခံရသည်။ ၁၉၇၄ ခုနှစ်တွင်တော်လှန်ရေးကောင်စီအစိုးရသည် နိုင်ငံရေးအကျဉ်းသားများအား အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်ပေးရာတွင် သူလည်း လွတ်မြောက်လာခဲ့သည်။ ၁၉၇၄ခုနှစ် စက်တင်ဘာ ၃ ရက်နေ့တွင် လွတ်မြောက်လာခဲ့ပြီး ချင်းပြည် ရှိသူ၏ မိသားစုနှင့် ပြန်လည်တွေ့ဆုံခွင့်ရရှိခဲ့သည်။ ထောင်မှ လွတ်လာပြီး Pu Son Kho Pau သည် ချင်းပြည် ထုတ်လိုင်ရွာတွင် ချင်း တိုင်းရင်းဆေး လုပ်ငန်း များ လုပ်ကိုင်ခဲ့သည်။ ၁၉၇၇ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ထုတ်လိုင် မှ တီးတိန်လမ်းဖောက်လုပ်သည့် အလုပ်စခန်း သို့ မိမိကိုယ်ကိုယ်သွားရောက် လုပ်အား ပေးရန် အသွား လမ်းခုလတ် တွင် ရုတ္တရက် သေ ဆုံးခဲ့သည်။
မိသားစု
ဗိုလ်မှူးကြီး ဆွန်ခိုပေါင် သည် ဖလမ်းမြိုနယ်မှ ပထမဦးဆုံး နှစ်ခြင်းခရစ်ယာန် ယုံကြည်သူ Pu Thang Cin ၏သမီး Pi Ester Kyin နှင့် ၁၉၅ဝ ခုနှစ်တွင်လက်ထပ်ထိမ်းမြား ခဲ့သည်။ သူတို့လက်ထပ်ပွဲတွင် ဦးနု ၏ဇနီး ကိုယ်တိုင် တက်ရောက်အားပေး ခဲ့သည်။ သူဆုံးသွားသည့်အချိန်တွင် သား ၅ ယောက်နှင့်သမီး ၄ ယေက်ကျန်ရစ်ခဲ့သည်။
နိဂုံး
ဗိုလ်မှူးကြီး ဆွန်ခိုပေါင် သည်ချင်းလက်နက်ကိုင် တပ်ရင်းတွင်တာဝန်ထမ်းဆောင်စဉ် ကာလတွင် လည်း ကောင်း၊ မြေအောက် ချင်း တော်လှန်ရေး ကိုဦးဆောင်ခဲ့သော ကာလ တွင်လည်းကောင်း သူ၏ လက်အောက် ငယ်သား ရဲဘော်များ ၏ ချစ်ခင် လေးစားခြင်း ကိုခံရပြီး အရည်အသွေးပြည့်ဝသည့် ခေါင်းဆောင် ကောင်း တစ်ဦးဖြစ်သည်။ ရောင်စုံသူပုန်ခေတ် တွင် ပြည်ထောင်စုကြီး မပြိုကွဲရေး အတွက် နိုင်ငံတော်ကို ကာကွယ် ခဲ့သူများအနက် ထိပ်ဆုံးမှပါဝင်ခဲ့သူ တစ်ဦး ဖြစ်သည်။ အပြစ် မယ်မယ်ရရမရှိပါပဲလျက် တပ်မတော်မှ နှုတ်ထွက်ခဲ့ရ သည့် တိုင်အောင် သူနှစ်သက်သော ကော်ဖီ လုပ်ငန်း ကို အပတ်တကုတ် သင်ကြားလုပ်ကိုင်ကာ ချင်းလူမျိုးများအတွက် သူသင်ကြား တတ်မြောက်ခဲ့သော ပညာရပ် အား စာအုပ်အဖြစ်ထုတ်ဝေပြီး မျှဝေ ခဲ့သည်။ တော်လှန်ရေးကောင်စီ အစိုးရ ကသူအား နှစ်ရှည်လများ အကျဉ်းချခဲ့သော်လည်း ထောင်မှ ထွက်လာသည့်အခါတွင် အနားမနေပဲ ချင်း တိုင်းရင်း ဆေးဖေါ်စပ်ကာ ချင်း ပြည်သူများအား တနည်းတလမ်း အလုပ်အကြွေးပြုခဲ့သည်။ တော်လှန်ရေး ကောင်စီ တက်လာပြီး တိုင်းပြည်အုပ်ချုပ်ပုံအပေါ် လက်ပိုက်ကြည့်အနေနိုင်တော့ဘဲ တော်လှန်ရေးကောင်စီ အစိုးရအား လက်နက်ဆွဲကိုင် တော်လှန်ခဲ့ ပြီး ချင်းပြည် နှင့် ချင်းပြည်သူတို့ အတွက် တိုက်ပွဲဝင် လှုပ်ရှားရင်း သူ၏ ချင်းမျိုးချစ်စိတ်ဓာတ်ကိုဖေါ်ဆောင်ခဲ့သည်။ ယုတ်စွအဆုံး နောက်ဆုံးအသက်ထွက် သွားသည်အထိ အနားမနေ ကိုယ်ကျိုးမဖက်၊ သူ၏ မျိုးချစ်စိတ် ဓါတ် ကိုပြသသွားသူဖြစ်သည်။ တိုင်းပြည် နှင့် လူမျိုး အတွက် သူ၏ လုပ်ဆောင် ချက်များမှာ လေးစား ဂုဏ်ယူ ဘွယ်ရာ ကောင်းလှပါကြောင်း၊ နောင် မျိုးဆက်သစ် ချင်းလူငယ်များ အတွက် အတုယူဘွယ် သာဓကကောင်း များ ကို မှတ်သားဘွယ်ရာ ပြသခဲ့ကြောင်း မှတ်တမ်း တင်အပ်ပေသည်။
References:
1. Guide to Coffee Plantation in Burma Part 1 by Lt.Col Son Kho Pau, Sc, ABRO (Retired).
2. Lt.Col Son Kho Pau’s 1974 diary.
3. Zo History by Dr. Vumson Suantak.
4. The Biography of Lt.Col Son Kho Pau (retired) Ex-Commanding Officer, 2nd, Battalion, The Chin Rifles, Burma Army by Lt. Col Thian Kho Khai (Retd).
5. The Outbreak of the KNDO and MNDO article by Lt.Col Thian Kho Khai, published in Yangon Siyin Baptist Church, Silver Jubilee Magazine.
6. Suppression of Chin National Movement for Federalism under the revolutionary council and the Burma Socialist Programme Party (1962-1988) by Pu Lian Uk.
7. An interview with Pu Thang Za Dal and Pu Ro Dinga.
8. An article “Lt.Col Son Kho Pau le Nu Esther Kyin Tangthu” published in Tahan Baptist Church – Golden Jubilee Megazine (1959-2009).
9. Laimi Chuah Keh Nak Thuan Bia by Pu Con Khar. Pg. (406-407).
10. Building The Tatmadaw: Myanmar Armed Forces since 1948 by Maung Maung Aye
11. Memoirs of the Four-Foot Colonel by General Smith Dun
12. တာတေစနေသား by Ex. Burma Prime Minister U Nu
13. Burma: The Curse of Independence by Shelby Tucker
14. အမှောင်ကြားကဗမာပြည် (အနီးခေတ် ဗမာပြည် နိုင်ငံရေးလှုပ်ရှားမှုသမိုင်းအကျည်း ၁၉၄၉-၂၀၀၀) by ဝင်းတင့်ထွန်း
__________________________________________
မှတ်ချက်။ အင်္ဂလန် နိုင်ငံတွင် နေထိုင်သော ချင်းအမျိုးသား သမိုင်းပညာရှင် ဆလိုင်းဗန်ကျုံးလျန် ရေးသားပြုစုသော A biography of a Chin hero Lt.Col. Son Kho Pau (The Commanding Officer of the famous 2nd Chin Rifle) ကို မူရင်းအတိုင်း ပြန်လည် တင်ပြမှတ်တမ်း တင်ခြင်းဖြစ်ပါသည်။ ဤ ဆောင်းပါးအပြင် ချင်းအမျိုးသား တို့၏ သမိုင်း အမြောက်အများကို ရေးသားပြုစု ရှာဖွေသူ ဆလိုင်းဗန်ကျုံးလျန် အား ကျေးဇူး အထူးတင်ရှိပါ ကြောင်း မှတ်တမ်းတင် အပ်ပါသည်။









