မြို့အုပ်အား လုပ်ကြံခြင်း (The Assassination of the Township Officer)

ဇိုမျိုးနွယ်စုများနှင့် ဗြိတိသျှတို့၏ တိုက်ပွဲ (၁၈၉၂ – ၁၈၉၄)

၁၈၉၂ ခုနှစ် အစောပိုင်းကာလများတွင် ဗြိတိသျှတို့၏ လွှမ်းမိုးမှုဒဏ်ကို နေရာအနှံ့အပြား၌ ခံစားခဲ့ကြရသည်။ ကျေးရွာများထံမှ အထမ်းသမား (Coolies) များ တောင်းခံခြင်း၊ ဗြိတိသျှတို့ အသုံးပြုရန် လမ်းများဖောက်လုပ်ခိုင်းခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ ဗြိတိသျှတို့သည် ၎င်းတို့အား ဆန့်ကျင်သည့် အရိပ်အယောင်တွေ့ပါက ပိုမိုပြင်းထန်သော ဒဏ်ကြေးများကို ချမှတ်ခဲ့သည်။ ဇို (Zo) လူမျိုးများအား ဗြိတိသျှကို ဆန့်ကျင်ရန် အပြတ်သားဆုံး ဖြစ်စေခဲ့သည့် အချက်မှာ ဗြိတိသျှတို့က ကျွန်များကို လွှတ်ပေးရန် တောင်းဆိုခြင်းနှင့် သေနတ်များကို ဒဏ်ကြေးအဖြစ် သိမ်းဆည်းခြင်းတို့ကြောင့် ဖြစ်သည်။

ဟွာလ်ငို-လူရှေ (Hualngo—Lusei) နယ်မြေတွင် လူရှေ၊ ဇာဟောင်နှင့် ပိုက်တဲ မျိုးနွယ်စုများ ရောနှောနေထိုင်သည့် ဒေသကို အုပ်ချုပ်သော ဇာဟောင်စော်ဘွား နိခွိုင် (Nikhuai) သည် ဗြိတိသျှတို့ကို ပုန်ကန်ခဲ့သည်။ ထို့အပြင် လူရှေစော်ဘွား လာလ်ဘူရာ ဆိုင်လို (Lalbura Sailo) သည် မြေပုံဆွဲရန်နှင့် ဒဏ်ကြေး သို့မဟုတ် ကျွန်များ လာရောက်သိမ်းဆည်းရန် ရောက်ရှိနေသော အရာရှိများအတွက် အထမ်းသမား ပေးရန် ငြင်းဆိုခဲ့သည်။ လူရှေစော်ဘွားများဖြစ်ကြသော ဗန်ဆန်းဂါး (Vansanga)၊ ဒိုခူးမား (Dokhuma) နှင့် ကိုင်ရူးမား (Kairuma) တို့သည် ဗြိတိသျှ နိုင်ငံရေးအရာရှိ ရှိတ်စပီးယား (Shakespear) ၎င်းတို့နယ်မြေအတွင်း ဝင်ရောက်ခြင်းကို ကန့်ကွက်ခဲ့ကြသည်။

ဂူန်ဂါလ်း (Gungal) နယ်မြေတွင် စော်ဘွား ထွမ်းထောင် (Thuamthawng) အုပ်ချုပ်သော ကပ်တဲလ် (Kaptel) ရွာသည် ဘိုတွန် (Botung) ရှိ ဗြိတိသျှကင်းစခန်းကို တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုကို အကြောင်းပြု၍ ဗြိတိသျှတို့က ထွမ်းထောင်အား လက်နက်ချရန်၊ နယ်မြေအတွင်းရှိ ကျွန်အားလုံးနှင့် သေနတ်အမြောက်အမြားကို အပ်နှံရန် တောင်းဆိုခဲ့သည်။

အခြေအနေများ ပိုမိုဆိုးရွားသွားစေသည်မှာ ထွမ်းထောင်၏ မြန်မာကျွန်တစ်ဦးဖြစ်သူ မောင်စံ (Mesan) သည် ၎င်း၏သခင်ထံမှ ထွက်ပြေးပြီး ဝှိုက်ခံတပ် (Fort White) သို့ သွားရောက်ကာ ရခိုင်လူမျိုး မြို့အုပ် ထွန်းဝင်း ထံတွင် ခိုလှုံခဲ့ခြင်းဖြစ်သည်။ သို့သော် မောင်စံသည် ထွန်းဝင်းနှင့် မပျော်ပိုက်သဖြင့် ကပ်တဲလ်ရွာသို့ ပြန်လာခဲ့ရာ ရောက်ရောက်ချင်းတွင်ပင် ထွမ်းထောင်က သူ့ကို ပစ်သတ်လိုက်သည်။ ဤဖြစ်ရပ်သည် ဗြိတိသျှတို့အတွက် ကပ်တဲလ်စော်ဘွားထံမှ ပိုမိုကြီးလေးသော ဒဏ်ကြေးများ တောင်းခံရန် အကြောင်းပြချက်ကောင်း ဖြစ်သွားခဲ့သည်။

ဗြိတိသျှတို့နှင့် ချစ်ကြည်ရေး ကတိသစ္စာပြုထားကြသော စီယန် (Sizang) လူမျိုးများသည်လည်း ၎င်းတို့အပေါ် ဆက်ဆံပုံကို မကျေမနပ် ဖြစ်ခဲ့ကြသည်။ ၎င်းတို့၏ နာကျည်းချက်များမှာ-

  1. ချစ်ကြည်ရေး ကတိသစ္စာမပြုမီက ဗိုလ်မှူး အိတ်ချ်-အက်ဖ် စတီဗင် (H. F. Stevens) ကို ပစ်သတ်ခဲ့သော ပူးကမ်ဆွက် (Pu Kamsuak) အား ဖမ်းဆီးထောင်ချခြင်း။
  2. ဝှိုက်ခံတပ်ရှိ ဗြိတိသျှ ဥယျာဉ်ကို စောင့်ရှောက်ပေးနေသော ပူးအွန်ဗွန် (Pu Onvum) အား ဟင်းသီးဟင်းရွက် ခိုးသည်ဟု စွပ်စွဲကာ သတ်ဖြတ်ခြင်း။
  3. ကလ်ဇန်း (Kalzang) ရှိ ၎င်း၏ခြံထဲတွင် သရက်သီးခူးနေသော ပူးဗွန်ဆွန် (Pu Vumson) အား စစ်သားများက ပစ်မှတ်အဖြစ် သဘောထားကာ သေနတ်ပစ်ပြိုင်ပွဲ ပြုလုပ်သဖြင့် ခြေတစ်ဖက် ပြတ်သွားခြင်း။
  4. ကျင့်တန် (Ciintam) ရှိ ၎င်း၏ခြံထဲတွင် ကန်စွန်းဥ တူးနေသော ပူးအွန်ဆွန် (Pu Onson) အား မည်သည့်အကြောင်းပြချက်မျှ မရှိဘဲ ပစ်သတ်ခြင်း။
  5. ဗြိတိသျှတို့က သေနတ်အားလုံးကို တောင်းယူပြီးနောက် ဖျက်ဆီးကာ ဆားများဖြင့် ရော၍ မြှုပ်ပစ်ခြင်း။
  6. ကျွန်အားလုံးကို လွှဲအပ်ရန် တောင်းဆိုခြင်း။
  7. အခွန်များ စတင်ကောက်ခံခြင်း။

မြို့အုပ်အား လုပ်ကြံရန် ပြင်ဆင်ခြင်း (Preparation for the Myook Suam)

၎င်းတို့၏ နာကျည်းချက်များကို လက်စားချေရန် အင်းဆွမ် (Ensuang)၊ ကမ်ငို (Kamngo) နှင့် ဆွန်တွမ် (Sontuang) တို့သည် ဆာပန် (Sapan) ၌ ဂေါ်ရခါးစစ်သားတစ်ဦးကို သတ်ဖြတ်ခဲ့သည်။ အိုက်ကျိ (Aicik) တွင်လည်း ထန်ဟောက် (Thanghau) က စစ်သားတစ်ဦးကို သတ်ခဲ့ပြီး၊ တက်ထွမ် (Takthuan) က စစ်သားများပိုင်သော လား (၅) ကောင်ကို သတ်ပစ်ခဲ့သည်။

ထွမ်းထောင်သည် ဗြိတိသျှတို့၏ တောင်းဆိုချက်များကို မလိုက်လျောဘဲ အခြားဇိုလူမျိုးများ၊ အထူးသဖြင့် စီးယင်း လူမျိုးများအား ဗြိတိသျှကို တော်လှန်ရန် လှုံ့ဆော်ခဲ့သည်။ စီးယင်း စော်ဘွားများသည် ထွမ်းထောင်နှင့် ပေါဒါလ် (Paudal) တို့ လာရောက်၍ ဗြိတိသျှကို တော်လှန်မည့် အစီအစဉ်ကို ရှင်းပြသောအခါ နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။ ဗွန်လျန် (Vumlian)၊ ကမ်ငို၊ မန်းဖု (Mangphut) နှင့် ဟန်းခုတ် (Hangkhup) တို့သည် ပုမ်ဗား (Pumva) ရှိ ကမ်လမ် (Kamlam) ၏ အိမ်တွင် ထိုကိစ္စကို ဆွေးနွေးခဲ့ကြပြီး ကမ်လွန် (Kamlun) က ထိုထူးခြားသော အခမ်းအနားအတွက် ခေါင်ရည်တစ်အိုး ပေးကူခဲ့သည်။ လင်ခိုင် (Limkhai) မှ မန်းလွန် (Manglun) မှအပ ကျန်ရှိသော စီးယင်း စော်ဘွားများသည် ဗေါ့လှ (Voklaik) ရှိ ဗန်လယ်လ် (Vanleal) ၏ တဲတွင် ညီလာခံပြုလုပ်ခဲ့ကြသည်။ ၎င်းတို့သည် ဗြိတိသျှတို့ကို တော်လှန်ရန်နှင့် ဇိုနယ်မြေအတွင်းမှ မောင်းထုတ်ရန် တညီတညွတ်တည်း သဘောတူခဲ့ကြသည်။

ခွါဆပ် (Khuasak) ရွာမှ ခိုင်ကမ် (Khaikam) အား ရန်သူကို တိုက်ခိုက်မည့် အစီအစဉ်များကို အသေးစိတ်ဆွေးနွေးရန် ထွမ်းထောင်ထံ စေလွှတ်ခဲ့သည်။ ခိုင်ကမ်၊ ထွမ်းထောင်၊ ပေါဒါလ် (ထွမ်းထောင်၏သား) နှင့် ခန်ဟောင် (Khanhau) (ဟိုင်းလေးစော်ဘွား) တို့သည် လူရှေ၊ ဟားခါး၊ တာဆွန်းနှင့် ဇာဟောင်စော်ဘွားများထံ တမန်များစေလွှတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ တမန်များက ထိုသူများ ပူးပေါင်းဆောင်ရွက်လိုသည့် သတင်းကို ပြန်လည်ယူဆောင်လာကြသည်။ ထို့ကြောင့် ပုမ်ဗားရွာသို့ ဖိတ်ကြားမည့် နိုင်ငံရေးအရာရှိ မစ္စတာ ကယ်ရီ (Mr. Carey) ကို ခြုံခိုတိုက်ခိုက် သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့အပြင် ရန်သူ့တပ်ဖွဲ့နှင့် တိုက်ရိုက်ရင်ဆိုင်ခြင်းကို ရှောင်ရှားရန်၊ ရန်သူ့အား အခွင့်အရေးရသည့် နေရာတိုင်းတွင် ခြုံခိုတိုက်ရန်၊ ကြေးနန်းကြိုးများကို ဖြတ်တောက်ရန်နှင့် လားများကို သတ်ဖြတ်ရန် စီစဉ်ခဲ့ကြသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ရန်သူများ ဇိုနယ်မြေမှ ထွက်ခွာသွားလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။

အစီအစဉ်ကို အကောင်အထည်ဖော်ခြင်း (The Execution of the Plan)

စီးယင်း လူမျိုး ထွမ်းငို (Thuamngo) သည် ဝှိုက်ခံတပ်တွင် ပုလိပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ စီးယင်း တို့က သူ့အား ထွမ်းထောင်ထံမှ သတင်းစကားနှင့်အတူ နိုင်ငံရေးအရာရှိထံသို့ စေလွှတ်ခဲ့သည်။ ထိုသတင်းစကားမှာ ထွမ်းထောင်သည် လက်နက်ချရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း၊ လက်ဆောင်အဖြစ် ဆင်စွယ်တစ်ချောင်း၊ ကြံ့ချိုတစ်ချောင်းနှင့် သေနတ် (၁၅၀) ကို ယူဆောင်လာမည်ဖြစ်ကြောင်း ဖြစ်သည်။

သို့သော် မစ္စတာ ကယ်ရီသည် ဇိုရမ်း (Zoram) တောင်ပိုင်းသို့ ခေါ်ယူခြင်း ခံရသဖြင့် ၎င်း၏ကိုယ်စား မြို့အုပ် ထွန်းဝင်း ကို လက်ဆောင်များ လက်ခံရန် ပုမ်ဗားသို့ စေလွှတ်ခဲ့သည်။ ပုမ်ဗားသို့ ထိုသတင်းရောက်သောအခါ ဇိုခေါင်းဆောင်များသည် ၎င်းတို့၏ အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထွန်းဝင်းသည် လူဖြူမဟုတ်သဖြင့် ရန်သူမဟုတ်သော်လည်း ဗြိတိသျှတို့၏ အစေခံဖြစ်နေခြင်းကြောင့်ဖြစ်သည်။ ဇိုလူမျိုးများသည် လူဖြူ၊ မြန်မာ၊ ရခိုင် သို့မဟုတ် မည်သည့် နိုင်ငံခြားအင်အားစု၏ အုပ်ချုပ်မှုကိုမျှ လက်ခံရန် အသင့်မရှိကြပေ။

ဖြေရှင်းရန် ကျန်ရှိနေသော ပြဿနာမှာ မြန်မာကျွန်တစ်ဦးနှင့် ဖွန်နွန် (Phunom) အမျိုးသမီးတစ်ဦးတို့၏ သားဖြစ်သူ စကားပြန် အောင်ဇံ ကို မည်သူက သတ်မည်နည်းဟူသည့် ကိစ္စဖြစ်သည်။ “မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး” ဟူသော ရိုးရာထုံးတမ်းအရ အောင်ဇံ၏ ဖွန်နွန်ဆွေမျိုးများက လက်စားချေမည်ကို စိုးရိမ်ရသည်။ သို့သော် ဖွန်နွန်လူမျိုးများ ကိုယ်တိုင် ရှေ့ထွက်လာပြီး အောင်ဇံကို ၎င်းတို့ကိုယ်တိုင် ပစ်သတ်မည်ဟု သဘောတူခဲ့ကြသဖြင့် ထိုပြဿနာမှာ လွယ်ကူစွာ ပြေလည်သွားခဲ့သည်။

၁၈၉၂ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့တွင် ထွန်းဝင်းသည် ဝှိုက်ခံတပ်မှ ထုတ်လိုင် (Thuklai) သို့ ချီတက်လာခဲ့သည်။ ၎င်းနှင့်အတူ စကားပြန် (၂) ဦးဖြစ်သူ အောင်ဇံ နှင့် အောင်ကြီး (စီးယင်း ချိုင့်ဝှမ်းတွင် ကျွန်အဖြစ် ၁၅ နှစ်နေခဲ့ဖူးသူ) နှင့် ကိုယ်ရံတော် စစ်သား (၃၀) ပါဝင်သည်။ စီးယင်း တို့သည် ထိုအဖွဲ့ကို မွီတွန် (Muitung) တွင် ကြိုဆိုခဲ့ကြပြီး သံသယမဖြစ်စေရန် အလွန်ရင်းနှီးစွာ ဆက်ဆံခဲ့ကြသည်။ ထို့နောက် ပုမ်ဗားရှိ အခမ်းအနားအတွက် ပြင်ဆင်စရာရှိသည်ဟု အကြောင်းပြကာ စွမ်ဘုမ် (Suangbum) သို့ အမြန်သွား၍ ထွန်းဝင်းအဖွဲ့ အလာကို စောင့်ဆိုင်းနေခဲ့ကြသည်။

ဟန်းတွမ် (Hangtuang) က ပထမဆုံး သေနတ်စတင်ပစ်ခတ်လိုက်ရာ အစောင့်များက ပြန်လည်ပစ်ခတ်ခဲ့သည်။ အလွန်နီးကပ်သော အကွာအဝေးမှ ပစ်ခတ်ခြင်းဖြစ်သော်လည်း စစ်သား (၅) ဦး လွတ်မြောက်သွားခဲ့သည်။ တိုက်ပွဲအပြီးတွင် ထန်နွဲ (Thangnuai) မှ လူတစ်ဦး သေဆုံးနေသည်ကို တွေ့ရသည်။ လွတ်မြောက်သွားသူများထံမှ တိုက်ခိုက်ခံရသည့် သတင်းကို ရရှိသောအခါ ဗြိတိသျှတို့သည် စီးယင်း နယ်မြေသို့ စစ်အင်အား အမြောက်အမြား စေလွှတ်ခဲ့ပြီး လင်ခိုင်ရွာမှအပ ကျန်ရှိသော စီးယင်း ကျေးရွာအားလုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။ ဗြိတိသျှတို့က ကျွန်များနှင့် သေနတ်များအားလုံး ပြန်အပ်ရန် တောင်းဆိုသော်လည်း လူမျိုးစုများသည် တောထဲသို့ ထွက်ပြေးပုန်းရှောင်ခဲ့ကြသည်။ ကပ်တဲလ်တွင် ကျင်းပသော ညီလာခံ၌ ဇိုခေါင်းဆောင်များသည် ဗြိတိသျှတို့၏ လှုပ်ရှားမှုများကို ယခင်ကထက် ပိုမိုနှောင့်ယှက်တိုက်ခိုက်ရန် သစ္စာဆိုခဲ့ကြသည်။

လက်စားချေသည့်အနေဖြင့် ဗြိတိသျှတို့သည် ဗိုလ်မှူးချုပ် ပါးလ်မား (Palmer) အား စစ်သား (၂,၅၀၀) နှင့်အတူ စေလွှတ်ခဲ့သည်။ ကျေးရွာများစွာ ထပ်မံမီးရှို့ခံရပြီး ကျွဲနွားတိရစ္ဆာန်များ သိမ်းဆည်းခံရကာ လယ်ယာမြေများ ဖျက်ဆီးခံခဲ့ရသည်။ အစားအစာ ပြတ်လပ်မှုကြောင့် အမျိုးသမီးများနှင့် ကလေးငယ်များအား တောထဲတွင် ဆက်လက်ထားရှိရန် ခက်ခဲလာသဖြင့် ခြောက်လခန့် ပုန်းရှောင်ပြီးနောက် ကျေးရွာများသို့ ပြန်လာခဲ့ကြသည်။ ဗြိတိသျှတို့သည် နောက်ဆုံးတွင် တော်လှန်ရေးသမားများ၏ မိသားစုဝင်များကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သည်။ ထို့ကြောင့် ဗြိတိသျှတို့ကို ဆက်လက်ပုန်ကန်ရန် မဖြစ်နိုင်တော့ဘဲ ၁၈၉၃ ခုနှစ် ဇူလိုင်လတွင် ကမ်လျန် နှင့် ထွမ်းငို (သုတ်လိုင်)၊ ဒိုလျန် နှင့် ကမ်ကျင်း (ဘွန်မန်း)၊ ခမ်ဟောင် (ဟိုင်းလေး) နှင့် လာလ်နန် (မွီဇောလ်) တို့ လက်နက်ချခဲ့ကြသည်။ ၎င်းတို့သည် ဖမ်းဆီးခြင်းခံရပြီး မြန်မာပြည် (မြေပြန့်) သို့ နယ်နှင်ဒဏ် ပေးခံရသည်။ ထွမ်းထောင်နှင့် ပေါင်ဒါလ်တို့သည်လည်း ၁၈၉၃ ခုနှစ်နှောင်းပိုင်းတွင် လက်နက်ချခဲ့ကြပြီး မြန်မာပြည်သို့ နယ်နှင်ခံခဲ့ရသည်။ ဒိုထန်း (Dothang) (ဆုတ်တဲစော်ဘွား) နှင့် မန်းလွန် တို့သည် ပုန်ကန်သူများကို ကူညီသည်ဟု စွပ်စွဲခံရကာ ဖမ်းဆီးခံရပြီး ၎င်းတို့၏ သေနတ်များနှင့် ကျွန်များကို သိမ်းဆည်းခံခဲ့ရသည်။ ဟားခါးနှင့် ဖလမ်းတွင်လည်း ဗြိတိသျှတို့က သေနတ်အားလုံးကို အပ်နှံရန် တောင်းဆိုခဲ့သည်။

၁၈၉၃ ခုနှစ်ကုန်တွင် ဗြိတိသျှတို့သည် အဓိကကျသော ကျေးရွာအားလုံး၌ စစ်တပ်ငယ်များကို အခြေချနိုင်ခဲ့သည်။ ၎င်းတို့၏ အဓိကရည်မှန်းချက်မှာ ခိုင်ကမ် နှင့် ခုတ်ပေါင် (Khuppau) တို့အပြင် နောက်လိုက် (၁၂၇) ဦးခန့်ကို ဖမ်းဆီးရန် သို့မဟုတ် သုတ်သင်ရန်ဖြစ်သည်။ လမ်းအားလုံးနှင့် ကျေးရွာအားလုံးကို ပိတ်ဆို့ထားသဖြင့် ၎င်းတို့သည် ဌာနချုပ်ကို ရာဇဂြိုဟ်အနီးရှိ တောနက်ထဲသို့ ပြောင်းရွှေ့ခဲ့ရသည်။ ၁၈၉၄ ခုနှစ် မေလတွင် ၎င်းတို့၏ မိသားစုဝင်များကို ဓားစာခံအဖြစ် ဖမ်းဆီးကာ “ပုန်ကန်သူများ” လက်နက်မချပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ခံရပြီးနောက် ခုတ်ပေါင်၊ ခိုင်ကမ်၊ ဗွန်လျန်နှင့် ဆွမ်ဆွန် (Suangson) တို့သည် လက်နက်ချခဲ့ကြသည်။ ၎င်းတို့သည် ဗြိတိသျှအုပ်ချုပ်ရေးကို နောက်ဆုံးအထိ ဆန့်ကျင်ခဲ့သော အုပ်စုဖြစ်သည်။ ခိုင်ကမ်သည် အန်ဒမန်ကျွန်း (Andaman Islands) သို့ တစ်သက်တစ်ကျွန်း နယ်နှင်ဒဏ် ပေးခံရပြီး ကျန်ရှိသူအားလုံး မြန်မာပြည် (မြေပြန့်) သို့ နယ်နှင်ခံခဲ့ရသည်။

.

သောင်းနိုး (Thawngno)

Pu Vumson Suantak ရေးသော Zo History စာအုပ် မှ “Myook Suam, Assassination of the Township Officer” ကို ဆီလျော်အောင်ပြန်ဆိုထားခြင်း ဖြစ်ပါသည်။

Leave a Reply