စည်သူဒေါက်တာ ဝမ်ကိုဟော၏သမိုင်းအကျဥ်း

စည်သူဒေါက်တာ ဝမ်ကိုဟောအား ၁၉၁၇ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် ချင်းပြည်နယ်၊ တီးတိန်မြို့၊ ထုတ်လိုဏ် ကျေးရွာတွင် မွေးဖွားခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် စစ်ကိုင်းမြို့၊ အစိုးရ အထက်တန်းကျောင်းမှ တက္ကသိုလ် ဝင်တန်းအောင်မြင်ကာ ၁၉၃၇ မှ ၁၉၅၅ ထိ ချင်းတောင်တန်း ခရိုင်၌ အမှုထမ်းခဲ့သည်။ စစ်ရုံးဖွဲ့စည်းခဲ့သော ချင်းစစ်ဝန်ထမ်းတပ်ဖွဲ့တွင် တပ်ရေးနှင့် ထောက်လှမ်းရေး အရာရှိ၊ ဒုတိယအကြီးအကဲ၊ ချင်းတောင်တန်း ခရိုင်ဝန်နှင့် ဂျပန်တော်လှန်ရေးတွင် ချင်းအမျိုးသားများကို ခေါင်းဆောင်ခဲ့သည်။

၁၉၄၇ ခုနှစ် ပင်လုံညီလာခံတွင် ချင်းအမျိုးသား ကိုယ်စားလှယ်ခေါင်းဆောင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး အဖွဲ့ဝင်၊ အစိုးရအဖွဲ့၊ ချင်းရေးရာအကြံပေးအဖြစ် လုပ်ကိုင်ခဲ့ပြီး၊ နုအက်တလီ စာချုပ် ချုပ်ဆိုရန် အတွက် လန်ဒန်သို့ သွားရောက်ရာတွင် ပါဝင်ခဲ့သည်။

လွတ်လပ်ရေးပြီးနောက် နိုင်ငံခြားရေးရာဌာန ဒုတိယအတွင်းဝန်၊ သံတမန်ရေးရာ ကောင်စစ်ရေးရာ၊ ကမ္ဘာ့ကုလသမဂ္ဂ ဌာနခွဲ ဦးစီးအရာရှိ၊ ၁၉၅၅ ခုနှစ်မှ စပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာ ကုန်လွှဲခြင်းခံရသော သံအမတ်ကြီးအဖြစ် ပြင်သစ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ သြစတြေးလျ နှင့် ဟန်ဂေရီနိုင်ငံ တို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် အငြိမ်းစား ယူခဲ့သည်။ Daw Tina Han @ Nu Mang Kho Ciin နှင့် လက်ထပ်ခဲ့ပြီး သားသုံးယောက် သမီးငါးယောက်ထွန်းကားခဲ့သည်။

စည်သူဒေါက်တာ ဦးဝမ်ကိုဟောသည် သိက္ခာတော်ရဆရာ Rev. Za Khup & Pi Ciang Zam တို့၏ သားသုံးဦး၊ သမီး လေးဦးအနက် သားကြီးသြရသ ဖြစ်ပြီး ၁၉၁၇ ခုနှစ် မတ်လ ၁၇ ရက်၊ သန်းခေါင်ယံ မနက် ၂၂:၀၀ AM တွင် မွေးဖွားခဲ့သည်။ မွေးဇာတိမှာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ထုတ်လိုဏ် ကျေးရွာဖြစ်သည်။ ဖခင် Rev. Za Khup သည် ဘုရားအမှုတော် ဆောင်ရင်း မိမိလူမျိုးများ၏ ပညာရေးအတွက် တစ်ဖက်တစ်လမ်းမှ စာပေသင်ကြားပေးသော ကျောင်းအုပ်ဆရာကြီး တစ်ပါးလည်း ဖြစ်သည်။ ဆရာကြီး ဇခုပ်၏ ကြိုးပမ်းမှုကို ဂုဏ်ပြုသောအားဖြင့် ဂျန်နဝါရီ (၁) ၁၉၃၆ ရက်နေ့ တွင် Governor of Burma H. L Stephenson K. C. S. I, K. C. I. E မှ ၎င်းအား Certificate of Good Service ကို ချီးမြှင့်ခဲ့သည်။

 

(၁) ဖခင်ကြီး၏ အိပ်မက်။

Rev. Za Khup

စည်သူဒေါက်တာ ဦးဝမ်းကိုဟော၏ မိဘနှစ်ပါးမှာ ၁၉၁၆ ခုနှစ်တွင် အိမ်ထောင်ပြုခဲ့ကြသည်။ ပထမ သားဦး ဖြစ်သည့် စည်သူဒေါက်တာ ဦးဝမ်းကိုဟော မွေးခါနီးတွင် ဖခင်ကြီးက အိပ်မက်တစ်ခု မက်ခဲ့သည်။ ယင်းအိပ်မက်မှာ ခြေရင်းအိမ် (U Tuang Ko Thang ၏ ဖခင်) က အလွန်ကောင်းသော ခါးချိတ်ဓား (Kawng naam) များ လာရောင်းရာ ၎င်းဓားများမှ အကောင်းဆုံးဓားကို ဝယ်ယူ ခဲ့သည် ဟု မြင်မက်ခဲ့သည်။ မိမိတို့အယူအဆအရ အလွန် ကောင်းမွန်သော အိပ်မက်တစ်ခုဖြစ်သည်။ ထို့ကြောင့် ဦးဝမ်းကိုဟော သည် မိမိ နာမကျန်းဖြစ်ချိန်၊ ဆင်းရဲဒုက္ခ ရောက်ချိန်များတွင်… “ငါမသေနိုင်သေး၊ ငါ…ပစ္စည်းဥစ္စာ ရှာဖွေ စုဆောင်း ရဦးမည်၊ ငါ…ချမ်းသာရဦးမည်၊ လူပေါ် လူဇော်ဖြစ်ဦးမည်” ဟု ဖခင်ကြီးအိပ်မက်ကို အောက်မေ့လျက် အမြဲခွန်အားရမိကြောင်း ပြောလေ့ရှိသည်။

 

(၂) ပညာသင်ကြားခြင်း။

ငယ်စဉ်ကပင် ထူးခြားသည်။ အားကစားမှအစ ပညာရေးတွင် ထူးချွန်သည်။ ဖခင်ကြီးတာဝန် ထမ်းဆောင်ရာ Khuasak ရွာ ABM (American Baptist Mission) ကျောင်းတွင် ပညာ စတင်သင်ကြားခဲ့ပြီး အလယ်တန်းကို တီးတိန်၊ ဖလမ်းမြို့၊ အလယ်တန်းကျောင်းတွင်၎င်း၊ ထိုမှတဆင့် Scholarship ရရှိကာ စစ်ကိုင်းမြို့၊ အစိုးရ အထက်တန်းကျောင်း တွင် အထက်တန်း အောင်မြင်ခဲ့သည်။ တက္ကသိုလ် ဝင်တန်းတွင် အင်္ဂလိပ်၊ ပထဝီ၊ သမိုင်းဘာသာရပ် များအား ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။

 

(၃) နိုင်ငံ့ဝန်ထမ်း စတင်ခြင်း။

အထက်တန်းအောင်မြင်ပြီး ဖလမ်းမြို့၊ ချင်းတောင်တန်းဒေသဆိုင်ရာ အင်္ဂလိပ်အရေးပိုင်ရုံးတွင် လက်ရေးတို ရုံးအုပ်စာရေးကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

 

(၄) ဂျပန်စစ်ခေတ် ချင်းတော်လှန်ရေးတွင်ပါဝင်ခြင်း။ 1, 2

ဒုတိယကမ္ဘာစစ်ကာလ ဂျပန်စစ်ငွေ့ စတင်လွှမ်းလာချိန်တွင် မြန်မာနိုင်ငံကိုလည်း ဂျပန်စစ်တပ်မှ သိမ်းပိုက်ပြုလုပ်လာပြီး အရေးပိုင် ဗိုလ်မှူးကြီးနေလာ (Col. Naylar CBE) နှင့် ဗိုလ်မှူး စတီဗင်ဆန် (Maj. Stevenson) တို့မှ ဦးဆောင်သော ချင်းလဲဗီး (Chin Levies) တပ်တွင် ဒေါက်တာ ဝမ်းကိုဟော သည် ခေါင်းဆောင်တစ်ယောက်အဖြစ်ပါဝင်ပြီး 1 ချင်းတောင်တန်း စစ်မြေပြင် အသီးသီး တွင် တိုက်ပွဲ ဝင်ကာ Maj. Stevenson မှ ၁၉၄၃ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်နေ့တွင် ယာယီ စစ်ဦးစီး ဗိုလ်မှူး (Staff Major) အဖြစ် ၁၉၄၃ခုနှစ်၊ အောက်တိုဘာ (၂၀) ရက် တွင် ချီးမြှင့်ခဲ့သည်။

Siyin Soldier Dr. Vum Kho Hau

Siyin Soldier Dr. Vum Kho Hau

အင်္ဂလိပ်မဟာမိတ် တပ်ပေါင်းစုကို ဦးစီးသော အရှေ့တောင်အာရှ စစ်သေနာပတိချုပ် Lord Mountbatten သည် တီးတိန်မြို့တွင် ချင်းတော်လှန်ရေးခေါင်းဆောင် ဦးဝမ်းကိုဟော ဒေါက်တာဝမ်းကိုဟော အား တွေ့ဆုံပြီး အမှတ်တရဓာတ်ပုံနှင့် ငွေစီးကရက် တစ်ဗူးအား ချီးမြှင့်ခဲ့သေးသည်။

Lord Mountbetten

Lord Mountbetten

(နယ်ချဲ့ အင်္ဂလိပ်မှ အထက်မြန်မာပြည်ကို သိမ်းပိုက်လာသောအခါ ချင်းပြည်နယ် စီးယင်း (Sizaang) ဒေသမှ သူ့ကျွန် မခံ အရှုံးမပေး တော်လှန်တိုက်ခိုက်ခဲ့ကြသည်။ Sizaang နယ်သည် မျိုးချစ်စိတ်ဓာတ်ပြင်းပြသော ချင်းတော်လှန်ရေးခေါင်းဆောင် Bo Khai Kam နှင့် တိုက်သူကြီး Pu Khup Lian (ဒေါက်တာ ဝမ်းကိုဟော၏အဖိုး) တို့အပါအဝင် သူရဲကောင်းများ ပေါက်ဖွားရာ ဘူမိနက်သန် အောင်မြေ အဖြစ် အစဉ်အလာကြီးမားသောဒေသဖြစ်ရာ Sir. George White,

V.C Commader in Cheif of Upper Burma field Force မှ “သူတိုက်ဘူးသမျှ တိုက်ပွဲအားလုံးတွင် ရင်ဆိုင် တိုက်ခိုက်ရန် အခက်ခဲ ဆုံးသော ရန်သူများဖြစ်သည်။ (The most difficult enemy to see or hit I ever fought) ဟု အင်္ဂလိပ် စစ်သမိုင်းတွင် မှတ်တမ်း တင်ခဲ့သည်။1 ဒုတိယအကြိမ် အင်္ဂလိပ်မြန်မာ စစ်ပွဲ ကာလတွင် Victoria Cross (V. C) ချီးမြှင့်ခံရသူနှစ်ဦးရှိရာ တစ်ဦးမှာ Sizaang နယ် တိုက်ပွဲ တွင် ပါဝင်ခဲ့ဖူးသည်။)

Reference:

1: Burma’s Constitution 1957″ authored by Dr. Maung Maung

2: Chin Hill Gazetteer Volume I, page 133 and 134.

 

(၅) သမိုင်းဝင်ပင်လုံညီလာခံ (Historic Panglong Conference) သို့တက်ခြင်း 3, 4

အမိမြေပေါ်မှ ဖက်ဆစ်ဂျပန်တို့အား တွန်းလှန်တိုက်ခိုက်ပြီးနောက် ဗြိတိသျှကိုလိုနီအစိုးရသည် မြန်မာနိုင်ငံကို ပြန်လည်သိမ်းပိုက်ကာ နယ်ချဲ့အုပ်ချုပ်ရေးစနစ်ကို ဆက်လက်ကျင့်သုံးလာရာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော တိုင်းရင်းသားလွတ်လပ်ရေးကြိုးပမ်းမှုမှာလည်း ပိုမိုကြီးထွားလာခဲ့သည်။

ဦးဝမ်းကိုဟော (ဂျပန်ခေတ် CDA Chairman) သည် စစ်ကိုင်းအစိုးရအထက်တန်းကျောင်းမှ ကျောင်းနေဖက် သူငယ်ချင်းများဖြစ်ကြသော ဗိုလ်ခင်မောင်လေး (နောက်ပိုင်း – ပြည်ထဲရေးဝန်ကြီး) သခင်သာခင် တို့နှင့် မြန်မာ့လွတ်လပ်ရေးအတွက် အမြဲတမ်း လျှို့ဝှက်စာ အဆက်အသွယ်ရှိခဲ့သဖြင့် ၁၉၄၇ ခုနှစ်တွင်ကျင်းပမည့် ပင်လုံညီလာခံသတင်းကို ကြိုသိထားပြီးဖြစ်သည်။ ထို့ပြင် ယင်းညီလာခံတွင် တက်ရောက်မည့် ချင်းတောင်တန်းဒေသဆိုင်ရာ အင်္ဂလိပ်အရေးပိုင် De Glanville မှ ရွေးချယ်မည့် ကိုယ်စားလှယ်များမှာ အင်္ဂလိပ်အလိုတော်ရှိ တိုက်သူကြီး (Chief) များသာဖြစ်မည်၊ မိမိအား ကိုယ်စားလှယ်အဖြစ် ရွေးချယ်မည်မဟုတ်ကြောင်း ကြိုတင်ရိပ်မိသောကြောင့် မိမိဒေသတွင် ဖွဲ့စည်းထားသော The Siyin War Council နှင့် တိုင်ပင်ခဲ့သည်။ The Siyin War Council ၏ ညှိနှိုင်းဆုံးဖြတ်ချက်အရ ဗိုလ်ချုပ်နှင့်တွေ့သောအခါ…

၁။ ဂျပန်ဖက်ဆစ်အစိုးရ၏ လက်အောက်တွင် ပါဝင်သော CDA, BDA နှင့် မျိုးချစ် တပ်မတော်သားများအား အင်္ဂလိပ်အစိုးရ ပြန်ဝင်လာသောအခါ ရာဇဝတ်မှုဆိုင်ရာ ဥပဒေနှင့် မတရားဖမ်းဆီးအရေးယူပြီး ထောင်ဒါဏ်၊ တစ်သက်တစ်ကျွန်း ဒါဏ်စီရင်ခြင်းအပေါ် ခေါင်းဆောင်တစ်ဦးအနေနှင့် တာဝန်ရှိသဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်ပင်ကာ ၎င်းအကျဉ်းသားများ ပြန်လည် လွတ်မြောက်ရေး။

၂။ ၁၉၄၄ ခုနှစ် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် စတင်ဖွင့်လှစ်သော ထုတ်လိုဏ် အထက်တန်းကျောင်းကို အစိုးရအထက်တန်းကျောင်း အဖြစ် အသိမှတ်ပြုနိုင်ရေး ဟူသော အချက်(၂) ချက်တင်ပြရန်ဖြင့် စီးယင်းချင်း စစ်ကောင်စီနှင့် ချင်းအမျိုးသား လွတ်လပ်ရေး အဖွဲ့ ကိုယ်စားပြုကာ မိမိစရိတ်ဖြင့် ပင်လုံသို့ သွားခဲ့ခြင်းဖြစ်သည်။

ဦးဝမ်းကိုဟောသည် ရရှိသောအခွင့်အရေးကို တန်ဖိုးရှိစွာ အသုံးချပြီး ချင်းတောင်တန်းဆိုင်ရာ အရေးပိုင် De Glanville မှ စေလွှတ်သော တိုက်သူကြီး Chief Hlur Hmung (Falam), Chief Thawng Za Khup (Tedim), Chief Kio Mang (Hakha) တို့နှင့် ပင်လုံညီလာခံတွင် ကြိုတင်တွေ့ဆုံညှိနှိုင်းကာ ဖဆပလ ဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်း၏ စီစဉ်ပေးခြင်းအရ ညီလာခံ ကိုယ်စားလှယ် တစ်ဦးအဖြစ် ပါဝင် ဆွေးနွေးခွင့် ရခဲ့သည်။ ချင်းကိုယ်စားလှယ်(၃)ဦးမှာ ဘာသာစကား ခက်ခဲမှု ကြောင့် သူတို့၏ ကိုယ်စား ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညစာစားပွဲတွင်လည်း မိန့်ခွန်း ပြောခဲ့ရသည်။

References

3 – 20/10/1943 နေ့, Lt. Col. Stevenson (S. C. A. O) Chin Hills & O. C Chin wage. S. E. A Commander ၏ အမိန့်စာ။

4 – မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဌာနချုပ်မှ ထုတ်ဝေသော တိုင်းရင်းသားလူမျိုးများနယ်ချဲ့ ဆန့်ကျင်ရေးသမိုင်း စာမျက်နှာ ၂၆၉)

 

(၆) ပင်လုံစာချုပ်မူကြမ်း 5, 6

ဖဆပလ ဥက္ကဌ တာဝန်ပေးချက်အရ ပင်လုံစာချုပ် မူကြမ်းကို

  1. U Sang Sam (B. A) – Shan
  2. Maj. Shan Lung – Kachin
  3. ဦးဝမ်းကိုဟော (ချင်းတော်လှန်ရေးခေါင်းဆောင်) တို့မှ ဦးဆောင် ကနဦး ရေးဆွဲပြီး၊
  4. ဦးစောထွန်း
  5. ဦးစောရွှေသိုက်
  6. ဦးဒူးဝါးဇော်လွန်း
  7. ဦးကြာပု
  8. ဦးလဘန်ဂရောင်း တို့နှင့် ညှိနှိုင်းအတည်ပြုခဲ့ပါသည်။

ယင်းမူကြမ်းတွင် ရှမ်းနှင့် ကချင်ကိုယ်စားလှယ်များ၏ လိုလားချက်အရ ပြည်နယ်ရရှိရေးနှင့် ခွဲထွက်ပိုင်ခွင့် ရရှိ ရေးများ ပါရှိ သဖြင့် ဗိုလ်ချုပ်နှင့် ညှိနှိုင်းမရဘဲ ဆွေးနွေးပွဲပျက်ပြယ်မည့် အခြေအနေဆိုက်လာ လေသည်။ ယင်း အခြေအနေအား “တောင်တန်း မြေပြန့် ဆွေး နွေးပွဲ ပျက်ပြီ၊ ဗိုလ်ချုပ်ပြန်တော့မယ်” ဟု မှတ်တမ်းတင် ထားသည်ကိုလည်းတွေ့နိုင်သည်။ ညှိနှိုင်းပွဲ ပျက်သွားပြီ ဟူသော သတင်းသည် တောမီးပမာ တမဟုတ်ခြင်း ပြန့်နှံ့သွားကာ ပွဲခင်းထဲရှိ ကြားရသူတိုင်း လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြ၏။ နယ်ချဲ့စံပေးများမှာမူ အောင်ပွဲခံနေကြ၏။ ဦးဝမ်းကိုဟော ဦးဆောင်သော ချင်းကိုယ်စားလှယ်အဖွဲ့သည် ဆွေးနွေးပွဲ အပျက်မခံနိုင်၊ ချင်းတို့အနေနှင့် . . .

(၁) မြန်မာပြည်မှ ဘဏ္ဍာရေးအကူအညီအား ဗြိတိသျှတို့ ထက်ပိုရန်၊ (၂) စီးပွားရေးနှင့် ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတူ အကူအညီပေးရန်၊ (၃) ချင်းသေနတ်ကိုင် တပ်ရင်းများ ဆက်လက်တည်တံ့ရန် စသည်တို့ကိုသာ အဓိကထားတင်ပြကြသည်။

ဗိုလ်ချုပ်နှင့် ဦးဝမ်းကိုဟောတို့ နှစ်ကိုယ်ကြား ဆွေးနွေး ကြရာဝယ် ကျေနပ်ဖွယ်ရာအဖြေကို နှစ်ဦးနှစ်ဖက် ရရှိပြီးဖြစ်သည်။ ချင်းပြည်နယ်တည်ထောင်ရေးကိုမူ စုံစမ်းရေးကော်မရှင်(သို့) တိုင်းပြုပြည်ပြုလွှတ်တော်ကျမှ စဉ်းစားဆုံးဖြတ်ကြရန် သဘောတူပြီး ဖြစ်နေသည်။ သို့ဖြစ်၍ ချင်းကိုယ်စားလှယ်များ အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် သဘောတူညီချက် လက်မှတ် ရေးထိုးရန် အဆင်သင့်ဖြစ်နေပေပြီ။ ချင်းတို့၏ သဘောထားကို ဦးဝမ်းကိုဟောက မိုင်းပွန်စော်ဘွား စပ်စံထွန်း အား ပြောပြသောအခါ ချင်းတို့အနေနှင့် အလောတကြီး လက်မှတ်မထိုးကြရန် နှင့် ကချင်တို့တက်ရောက်မည့် အစည်းအဝေးတွင် တင်ပြရှင်းလင်းရန် တောင်းပန်တားဆီး ခဲ့သည်။ ထိုအခြေအနေရောက်မှ ဦးဝမ်းကိုဟောသည် ကိုယ်စားလှယ်အဖွဲ့တွင် ပြန်လည်ညှိနှိုင်းသောအခါ သဘောတူညီမှုရရှိပြီး နောက်ဆုံး ပင်လုံစာချုပ်ကြီးချုပ်ဆိုနိုင်ခဲ့သည်။

References:

5 – 18/3/1955 နေ့ထုတ် ကြေးမုံသတင်းစာပါ တက္ကသိုလ်နေဝင်း (ဗိုလ်ချုပ်အောင်ဆန်း ကိုယ်ရေးအရာရှိ) ၏ နှစ် ၅၀ ပြည့် ရွှေရတုတပ်မတော်နေ့ အထိမ်းအမှတ် “တပ်မတော်နှင့် ချင်းတိုင်းရင်းသားလူငယ်များ” ဆောင်းပါး။)

6 – မြန်မာ့သမိုင်းဖြစ်ရပ်မှန် ရေးသားရေးအဖွဲ့ က စီစဉ်ပြီး ဦးကျော်ဝင်း၊ ဦးမြဟန်၊ ဦးသိန်းလှိုင်တို့က ပြုစုသော တိုင်းရင်းသား လူမျိုးများအရေးနှင့် ၁၉၄၇ အခြေခံဥပဒေ ပထမတွဲ- စာမျက်နှာ- ၂၅၅)

 

(၇) စာချုပ်လက်မှတ် ရေးထိုးခြင်း။ 7, 8, 9, 10, 11

ထိုစဉ်က ဗိုလ်ချုပ်အောင်ဆန်း၏ မူရင်းပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးသူ ချင်းကိုယ်စားလှယ်များမှာ အင်္ဂလိပ် နယ်ခြား အုပ်ချုပ်ရေး ဌာနမှ စေလွှတ်သော U Hlur Hmung (Falam), U Thawng Za Khup (Tedim), U Kio Mang (Hakha) တို့ ဖြစ်ကြသည်။ အထူးတင်ပြလိုသည်မှာ ဦးဝမ်းကိုဟောသည် အင်္ဂလိပ်လက် အောက်တွင် တာဝန်ထမ်းဆောင်ဆဲ ဖြစ်သော ကြောင့် တင်းကြပ်သော ဝန်ထမ်းစည်းမျဉ်းအရ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခြင်းမရှိခဲ့ပါ။ ဗိုလ်ချုပ်အောင်ဆန်းမှ ဦးဝမ်းကိုဟောအနေဖြင့် လက်မှတ်ရေးထိုးပါက အစိုးရ(အင်္ဂလိပ်) အမှုထမ်းအဖြစ်မှ နှုတ်ထွက်ခြင်း မရှိ သေးသောကြောင့် အရေးယူခံရမည်ဖြစ်၍ ဝန်ထမ်းအဖြစ်မှ နှုတ်ထွက်ပြီး၊ ဒုတိယ အတိုင်ပင်ခံ (ချင်းရေးရာဝန်ကြီး) အဖြစ် အရွေးခံပြီးမှ လက်မှတ်ရေးထိုးရန်၊ အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲစဉ် ကလဲ လွတ်လပ်ရေး အတွက် ကြိုးပမ်းမှုတွင် ပါဝင်သော ပုဂ္ဂိုလ်အသီးသီးအား သမ္မတ ဂျော့ ဝါရှင်တန်က ခွင့်ပြုထားသကဲ့သို့၊ ယခု ပင်လုံစာချုပ်ကိုလည်း အချိန်မရွေး လက်မှတ်ရေးထိုးနိုင်ကြောင်း အကြံပြုလမ်းညွှန်ထားသည်။ ထိုသို့ ချင်းတောင်တန်း အရေးပိုင် ရုံးမှ နှုတ်ထွက် ၍ ၁၅/၃/၁၉၄၇ နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ဒုတိယအတိုင်ပင်ခံဝန်ကြီး (ချင်းရေးရာဝန်ကြီး) အဖြစ် ရွေးချယ် ခန့်အပ်ခြင်းခံပြီး မတ် (၂၁) ၁၉၄၇ နေ့တွင် ပင်လုံစာချုပ်ကို ဗိုလ်ချုပ် ထံ၌ လက်မှတ်ရေးထိုး ခဲ့သည်။

တက္ကသိုလ်နေဝင်း (ဗိုလ်ချုပ်အောင်ဆန်းကိုယ်ရေးအရာရှိ) က ဖေဖော်ဝါရီ (၁၂) ၁၉၉၅ နေ့ထုတ်ကြေးမုံသတင်းစာ “၄၈ နှစ်မြောက် ပြည်ထောင်စုနေ့ ပင်လုံရှုခင်း” ဆောင်းပါးတွင် ကျွန်တော်ကိုယ်တိုင် ဗိုလ်ချုပ်ထံတွင် ရှိသော ပင်လုံစာချုပ် လက်မှတ်ရေးထိုးသူများ စာရင်းတွင် ဦးဝမ်းကိုဟော (ချင်းတော်လှန်ရေးခေါင်းဆောင်) ၏ အမည်ကို တွေ့ရှိကြောင်း” ထည့်သွင်း ရေးသားဖော်ပြခဲ့ပါသည်။

ဦးဝမ်းကိုဟော ချင်းရေးရာဝန်ကြီးဖြစ်လာသောအခါ U Thawng Cin Thang (နောက်ပိုင်းတိုင်းမင်းကြီး) အား ဦးဝမ်းကိုဟော၏ ကိုယ်ရေးအရာရှိနှင့် အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခဲ့သည်။

ပင်လုံစာချုပ် ချုပ်ဆိုပြီးသည့်အခါ ဦးဝမ်းကိုဟော တင်ပြခဲ့သည့်အတိုင်း ဗိုလ်ချုပ်အောင်ဆန်းကလဲ အစိုးရအဖွဲ့ အာဏာဖြင့် ထောင်ဒါဏ်တစ်သက်တစ်ကျွန်း ခံရသူများကို အလျင်အမြန် လွတ်ငြိမ်းချမ်းသာခွင့် ရအောင် ချက်ချင်းဆောင်ရွက်ပေး သည့် အပြင် မျက်နှာဖြူ နယ်ခြားအုပ်ချုပ်ရေးဝန် အရေးပိုင် De Glanville အား ပင်လုံညီလာခံအပြီး (၅) ရက် အတွင်း ရာထူးမှ ရပ်စဲလိုက်သည်။ ထို့ပြင် မိမိရပ်ရွာ ဖြစ်သော ထုတ်လိုဏ် (Old Fort White) နယ်တွင် ကိုယ်ထူကိုယ်ထ တည်ထောင်ခဲ့ပြီး၊ ဖက်ဆစ်ဂျပန်အစိုးရ လက်ထက် ကတည်းက အသိမှတ်ပြုခြင်း ခံခဲ့ရသော အထက်တန်းကျောင်းကိုနိုင်ငံတော် အစိုးရ အသိအမှတ်ပြု ကျောင်းအဖြစ် သတ်မှတ်ပေးရန် တောင်းဆိုချက် ကိုလည်း ဗိုလ်ချုပ် မှ ချက်ခြင်း အသိအမှတ်ပြုပေး ခဲ့ခြင်း များမှာ ပင်လုံမှ ရလဒ်များပင်ဖြစ်သည်။

References:

7 – ဦးအုန်းဖေ (ရှမ်းပြည်နယ် ဦးစီးအဖွဲ့ဝင်ဟောင်း) ၏ ပင်လုံ စစ်တမ်းစာမျက်နှာ – စာမျက်နှာ (၄၄၄-၄၄၅)

 8 မြန်မာ့သမိုင်းဖြစ်ရပ်မှန် ရေးသားရေးအဖွဲ့က စီစဉ်ပြီး ဦးကျော်ဝင်း၊ ဦးမြဟန်၊ ဦးသိန်းလှိုင်တို့က ပြုစုသော တိုင်းရင်းသားလူမျိုးများအရေးနှင့် ၁၉၄၇ အခြေခံဥပဒေ ပထမတွဲ- စာမျက်နှာ ၂၇၀ – ၂၇၁)

 9 ၁၈/၃/၁၉၅၅ နေ့ထုတ် ကြေးမုံ သတင်းစာပါ တက္ကသိုလ်နေဝင်း (ဗိုလ်ချုပ်အောင်ဆန်းကိုယ်ရေးအရာရှိ) ၏ နှစ် ၅၀ ပြည့် ရွှေရတု တပ်မတော်နေ့ အကြို “တပ်မတော် နှင့် ချင်းတိုင်းရင်းသားလူငယ်များ” ဆောင်းပါး။)

 10 မြန်မာ့သမိုင်းဖြစ်ရပ်မှန် ရေးသားရေးအဖွဲ့က စီစဉ်ပြီး ဦးကျော်ဝင်း၊ ဦးမြဟန်၊ ဦးသိန်းလှိုင်တို့က ပြုစုသော တိုင်းရင်းသားလူမျိုးများအရေးနှင့် ၁၉၄၇ အခြေခံဥပဒေ ပထမတွဲ- စာမျက်နှာ – ၂၈၁၊ ၂၈၆၊ ၂၈၇)

 11 Burma the struggle for Independence 1944-48, Vol: 11, by Hugh Tinker, assisted by Andrew Griffin, London: H.M.S O., 1983-1984, Page- 461

 

(၈) နိုင်ငံကိုယ်စား ဆောင်ရွက်ချက်များ 12, 13, 14, 15

  • တောင်တန်းစုံစမ်းရေး ကော်မရှင်တွင်ပါဝင်ခြင်း။ ပြည်နယ်ပြည်မ ပူးပေါင်း၍ လွတ်လပ်ရေးအရယူရန် ပင်လုံညီလာခံတွင် သဘောတူညီခဲ့ကြသော်လည်း အင်္ဂလိပ်အစိုးရက ပြန်လည် ချေဖျက်နိုင်လိမ့်မည်ဟု ယုံကြည်သဖြင့် Lt. Col. Rees William ခေါင်းဆောင်သော တောင်တန်းဒေသ စုံစမ်းရေး ကော်မရှင် (Frontier Area Inquiry Commission) တစ်ရပ် ဖွဲ့စည်းရာတွင် အဖွဲ့ဝင်များအဖြစ် မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း (ရှမ်း)၊ ဆားဒူးဝါးဆင်ဝါးနောင် (ကချင်)၊ ဦးဝမ်းကိုဟော(ချင်း)၊ စောစံကေး (သံလွင်ခရိုင် ကိုယ်စားလှယ်၊ ကရင်အမျိုးအဖွဲ့) နှင့် မြန်မာကိုယ်စားလှယ်များ ပါဝင်ကြသည်။ ကော်မရှင် အဖွဲ့ဝင်များ ဦးဆောင်မှုဖြင့် ပြည်နယ်ပြည်မ ပူးပေါင်း၍ လွတ်လပ်ရေး ရရှိခြင်းဖြစ်သည်။
  • ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရာတွင် ပါဝင်ခြင်း။ ၁၉၄၇ ပင်လုံညီလာခံ ဆုံးဖြတ်ချက်များအရ တစ်နှစ်အတွင်း လွတ်လပ်ရေး ရရှိရေးအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲ ရာတွင် ဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်း၊ ဗဟိုကော်မတီ၌ ချင်းကိုယ်စားလှယ်များအဖြစ် (၁) ဦးဝမ်းကိုဟော (၂) ဦး ဆ ဝင် (၃) ကပ္ပတိန် မန်တုန်းနန်း တို့ ပါဝင်ပြီး နိုင်ငံတော်သီချင်းနှင့် နိုင်ငံတော်တံဆိပ်ကော်မတီတွင် ဦးဝမ်းကိုဟောလည်း တစ်ဦး အပါ အဝင်ဖြစ်သည်။ ၎င်းကော်မတီမှ စပ်ဆိုထားသော သီချင်း ကို ယခုတိုင်အောင် နိုင်ငံတော် သီချင်း အဖြစ် အသုံးပြု ဆဲဖြစ်သည်။ ထို့ပြင် အခြေခံ ဥပဒေ အချော့ကိုင် ကော်မတီတွင်လည်း ပါဝင်ခဲ့သည်။

References:

12 – မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဌာနချုပ်မှ ထုတ်ဝေသော တိုင်းရင်းသားလူမျိုးများနယ်ချဲ့ ဆန့်ကျင်ရေးသမိုင်း စာမျက်နှာ ၂၂၉

13 – နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ထုတ်ဝေသော “ဂုဏ်ပြုစံ ပင်လုံ (သို့) ပြည်ထောင်စု၏ နှလုံးသားနှင့် လက်ရွေးစင် ဆောင်းပါးများ စာမျက်နှာ – ၄။

14 – မြန်မာ့သမိုင်းဖြစ်ရပ်မှန် ရေးသားရေးအဖွဲ့က စီစဉ်ပြီး ဦးကျော်ဝင်း၊ ဦးမြဟန်၊ ဦးသိန်းလှိုင်တို့က ပြုစုသော တိုင်းရင်းသား လူမျိုးများအရေးနှင့် ၁၉၄၇ အခြေခံဥပဒေ ပထမတွဲ- စာမျက်နှာ – ၄၆၉ – ၅၇၁ – ၇၃၉ – ၇၄၀)

15 – ဦးဖေခင်၏ ကိုယ်တွေ့ ပင်လုံ- စာမျက်နှာ- ၁၃၉

  • ဘန်ဒေါင်းညီလာခံ (၁၀) နှစ်မြောက်သို့ တက်ရောက်ခြင်း။ 19 ၁၉၆၅ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ကျင်းပသည့် ဘန်ဒေါင်းညီလာခံ (၁၀) နှစ်မြောက် အထိမ်းအမှတ်ပွဲတွင် မြန်မာနိုင်ငံ ဝန်ကြီးချုပ် ကိုယ်စား တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။
  • အင်ဒိုနီးရှားနိုင်ငံအား ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအဖြစ် ပြန်လည်ဝင်ရောက်နိုင်ရန် ဆောင်ရွက်ပေးခြင်း။ အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂမှ နှုတ်ထွက်ပြီးနောက် Dutch အစိုးရနှင့် အကျိုးအကြောင်း ပဋိပက္ခဖြစ်ပွားကာ အင်ဒိုနီးရှားခေါင်းဆောင် ဒေါက်တာ မဟာမက်ဟာတားနှင့် ဝန်ကြီးချုပ်တန်စီယာတို့အား Dutch အစိုးရ ဖမ်းဆီးသည်ကို ဦးဝမ်းကိုဟောမှ သတင်းကြားလျှင် ကြားချင်း ဝန်ကြီးချုပ်ဦးနုထံ တင်ပြ၍ ဝန်ကြီးချုပ်ဦးနုမှ အာရုံ အရေးပေါ် အစည်းအဝေး ခေါ်ယူပြီး Dutch အစိုးရအား ၍ချကာ အင်ဒိုနီးရှားခေါင်းဆောင်ကြီးများ ပြန်လည်လွတ်မြောက်ခဲ့သည်။ ၎င်းအပြင် ဦးဝမ်းကိုဟော နိုင်ငံခြားရေးဝန်ကြီး ဌာနတွင် တာဝန်ထမ်းဆောင်စဉ် ခင်မင်ရင်းနှီးခဲ့သော ဦးသန့် (UN Secretary) နှင့် တိုင်ပင်၍ အင်ဒိုနီးရှား နိုင်ငံအား ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်နိုင်ရန် ဆောင်ရွက်ပေးခဲ့သည်။

References:

19 – People’s Literature Committee and House မှ ထုတ်ဝေသော Who’s who in Burma (1961) page-43

 

(၉) နိုင်ငံတော်မှ ဂုဏ်ပြုခြင်း

  • စည်သူဘွဲ့ ရရှိခြင်း ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရမှ ဦးဝမ်းကိုဟောအား ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့၊ လွတ်လပ်ရေးနေ့တွင် “စည်သူဘွဲ့” ကို ချီးမြှင့်ကြောင်း ထုတ်ပြန်ခဲ့သည်။
  • ဝမ်းကိုဟော စစ်ကြောင်းဖြင့် ဂုဏ်ပြုခြင်း 20 ၁၉၆၉ ခုနှစ်တွင် နိုင်ငံတော်မှ မန္တလေးမြို့တွင် ကျင်းပသော (၂၂) ကြိမ်မြောက် ပြည်ထောင်စုနေ့၊ လူထု အစည်းအဝေးကြီးတွင် ၁၉၄၇ ခုနှစ် ပင်လုံညီလာခံကြီး ၌ အဓိက ပါဝင်ခဲ့ကြသော ပုဂ္ဂိုလ်ကြီးများကို ဂုဏ်ပြုသောအားဖြင့် (၁) အောင်ဆန်းစစ်ကြောင်း (၂) ဝမ်းကိုဟောစစ်ကြောင်း (၃) စဝ်စံထွန်းစစ်ကြောင်း ဟူ၍ စစ်ကြောင်းကြီး (၃) ကြောင်းဖြင့် ပြည်သူလူထု (၃) သိန်းကျော်ချီတက်ကာ ဂုဏ်ပြုခဲ့ကြပါသည်။
  • နိုင်ငံ့ဂုဏ်ရည် ပထမအဆင့် ရရှိခြင်း ပြည်ထောင်စု မြန်မာနိုင်ငံ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရမှ ပထမအသုတ်တွင် ချီးမြှင့်သော နိုင်ငံ့ဂုဏ်ရည် ပထမအဆင့် ရရှိသူ ချင်းလူမျိုးထဲတွင် (၁) ဦးဝမ်းကိုဟော (ပထမချင်းဝန်ကြီး) (၂) ဦးလွမ်းပုံ (U Lun Pum) (လယ်ယာမြေဝန်ကြီး) (၃) ဦးဆန်နီလှုံ (ချင်းရေးရာ ဦးစီးအဖွဲ့၊ ဥက္ကဌ) (၄) ဦးကီယိုမန်း (U Kio Mang) (ပင်လုံညီလာခံ ကိုယ်စားလှယ်) (၅) ဦးထပ်လှိုင် (U That Lai) (လွှတ်တော်ကိုယ်စားလှယ်) တို့ ပါဝင်ကြသည်။

References:

20 – ၁၉၆၉ ခုနှစ် ဖေဖော်ဝါရီ (၁၂) ရက်နေ့ထုတ် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ (အထူးထုတ်)

 

(၁၀) နိုင်ငံတော် သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခြင်း

၁၉၄၇ခုနှစ် လွတ်လပ်ရေးရရှိပြီး ချင်းရေးရာဝန်ကြီးအဖြစ်မှ အနားယူပြီးသည့်အချိန်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ဒုတိယအတွင်းဝန်အဖြစ် ခန့်အပ်ခြင်းခံရသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနရှိ ကုလသမဂ္ဂဆိုင်ရာဌာန၊ နိုင်ငံတကာရေးရာဌာန၊ သံတမန်ရေးရာဌာန တို့တွင် အသီးသီး တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၅၅ ခုနှစ်တွင် နိုင်ငံတော်မှ စေလွှတ်သည့် သံအမတ်ကြီး အဖြစ် ပြင်သစ်နိုင်ငံ၊ နယ်သာလင်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ချက်ကိုစလိုဗေးကီးယားနိုင်ငံ၊ သြစတြေးလျနိုင်ငံ နှင့် ဟန်ဂေရီနိုင်ငံတို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။

(၁၁) စာပေလောကလှုပ်ရှားမှုများ 21, 22

၁၉၃၈ ခုနှစ်တွင် Chin Hills Education Uplift Society တွင် Co-Founder and Secretary အဖြစ်တာဝန်ယူခြင်းကြောင့် စာပေဘက်တွင် ပိုမိုစိတ်ဝင်စားခဲ့ပြီး စီးယင်းဒေသတွင် ကိုယ်ထူကိုယ်ထ ကျောင်းထူထောင်နိုင်ရန် ကြိုးပမ်းခဲ့သည်။ သုတေသီတစ်ဦးလည်းဖြစ်သည့်အလျောက် စာစောင်၊ သတင်းစာများတွင် ဆောင်းပါး မြောက်မြားစွာ ရေးသားခဲ့သည့်အပြင် ဒေါက်တာမောင်မောင် (နိုင်ငံတော်သမ္မတဟောင်း) နှင့် ပူးပေါင်းကာ ၁၉၅၅ ခုနှစ်တွင် The Guardian Press သတင်းစာတိုက်ကို တည်ထောင်ခဲ့သည်။ ၎င်းရေးသားပြုစုသော (Profile of A Burman Frontier Man) စာအုပ်သည် ကမ္ဘာကျော်နိုင်ငံအသီးသီးရှိ တက္ကသိုလ်၊ ကောလိပ်များသို့ လှူဒါန်းခဲ့သည်။ ချက်ကိုစလိုဗေးကီးယားနိုင်ငံ Charles University Prague မှ ယင်းစာအုပ်ဖြင့် Ph.D ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်ခဲ့သည်။ အမေရိကန် Yale University, History Department တွင် ယင်းစာအုပ်ကို Oriental Studies အဖြစ် အသုံးပြုရန် ပြဋ္ဌာန်းထားသည်။ USA, New York, Pleasantville တွင်ရှိသော The Reader Digest မဂ္ဂဇင်းတိုက်မှ ဒေါက်တာ ဦးဝမ်းကိုဟော၏ ပုဂ္ဂိုလ်ရေး စွမ်းဆောင်ချက်များကို လေ့လာသောအားဖြင့် ၁၉၅၅ ခုနှစ် ပြင်သစ်နိုင်ငံ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်မှ Life Member, Life Free Subscription တစ်ဦးအဖြစ် အသိအမှတ်ပြုခဲ့သည်။

References:

21 – Yale University, South East Asia Studies New Heaven, Connecticut 06520 မှ HARRY J. BENDA, Professor of History Department November 13, 1963 Personal Letter.

22 – The British Ministerial Steering Committee for the World War II Commemoration 3rd April 1995 invitation letter.

 

(၁၂) နိုင်ငံတကာမှ ဂုဏ်ပြုခြင်း

  • ကမ္ဘာ့ စွမ်းဆောင်ရှင် လူ (၅၀၀၀) တွင် ပါဝင်ခြင်း။ The American Biographical Institute မှ ထူးခြားသော ကမ္ဘာ့ပုဂ္ဂိုလ်များ၏ နိုင်ငံရေး၊ စစ်ရေး၊ စာပေနှင့် စွမ်းဆောင်မှုကို ရှုဒေါင့်ပေါင်းစုံ သုတေသနပြုလုပ်၍ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူ (၅၀၀၀) ရွေးချယ်ရာတွင် အမှတ်စဉ် (၁၅) ဖြင့် ရွေးချယ်ခံရပြီး၊ ၁၉၉၆ ခုနှစ်တွင် Diploma of Culture ဘွဲ့ကို ချီးမြှင့်ခံခဲ့ရသည်။
  • နှစ် ၅၀ ပြည့် ဒုတိယကမ္ဘာစစ် အောင်ပွဲ အခမ်းအနားသို့ တက်ရောက်ခြင်း ၁၉၉၅ ခုနှစ် သြဂုတ်လတွင် ဗြိတိသျှအစိုးရမှ ဦးစီးကျင်းပသော နှစ် (၅၀) ပြည့် ဒုတိယ ကမ္ဘာစစ်အောင်ပွဲ အထိမ်းအမှတ် (The 50th Anniversary of the end of world war II and V. J (Victoria in Japan) အောင်ပွဲ အခမ်းအနား၊ လန်ဒန်မြို့သို့ တက်ရောက်ရန် ဖိတ်ကြားခြင်း ခံခဲ့ရသည်။ ဂျပန်စစ်အတွင်း အင်္ဂလိပ်စစ်တပ်နှင့် ပူးပေါင်း၍ သက်စွန့်ဆံဖျား တိုက်ပွဲဝင်ခဲ့ကြ သော BDA, BIA တပ်မှ စစ်မှုထမ်း (၃) ဦးဖြစ်ကြသော (၁) ဗိုလ်မှူးချုပ် စောကြာဒွေး (၂) ဦးဝမ်းကိုဟော (ချင်းတော်လှန်ရေးခေါင်းဆောင်) (၃) ရဲဘော် အိုင်ဗင်ကိန်း တို့ကို ဖိတ်ကြားခဲ့သည်။ ဤသို့ ဖြင့် Field Marshal Sir. Peter ခေါင်းဆောင်သော ကမ္ဘာ့နိုင်ငံ အသီးသီးမှ ဒုတိယ ကမ္ဘာစစ်အတွင်း ပါဝင်ခဲ့ကြသည့် စစ်မှုထမ်းဟောင်းများအား ဂုဏ်ပြုသည့် အခမ်းအနားသို့ တက်ရောက်ဂုဏ်ပြုခံခဲ့သည်။

 

(၁၃) နိုင်ငံတော် လုပ်ကြံမှုအရေးထဲမှ သီသီလေးလွတ်သွားခြင်း

၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့ နိုင်ငံတော်လုပ်ကြံမှုကြီးသည် စစ်ပြီးခေတ် မြန်မာ့သမိုင်းတွင် မြန်မာ့နိုင်ငံရေး ကံကြမ္မာ ကို အခြေခံမှအစ ပြောင်းလဲစေသော အလွန်အရေးကြီးသည့် သမိုင်းဝင် ဖြစ်ရပ်ကြီးတစ်ခု ပင်ဖြစ်ပေသည်။ အင်္ဂလိပ်နယ်ချဲ့နှင့် တိုင်းရင်းသား သစ္စာဖောက် ဂဠုန်ဦးစော တို့လက်ချက်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အမျိုးသားခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည့် ၎င်းနေ့ အစည်းအဝေးခန်းမတွင် ဦးဝမ်းကိုဟော (ချင်းဝန်ကြီး) လည်း တက်ရောက်ခဲ့သည်။ ထိုအစည်းအဝေး တက်ရောက်နေစဉ် တိုင်းပြုပြည်ပြု လွှတ်တော်အစည်းအဝေးမှ တိုင်းရင်းသားရေးရာ ကဏ္ဍတစ်ခုပေါ်လာ၍ ဗိုလ်ချုပ်အောင်ဆန်း ထံတွင် ခွင့်ပန်၍ အစည်းအဝေး ခန်းမကြီးမှ ထွက်ခွာခဲ့သည့် မိနစ်ပိုင်းတွင် နိုင်ငံတော်လုပ်ကြံမှုကြီး ဖြစ်ပွားရာ ဦးဝမ်းကိုဟောသည် သေဘေးမှ သီသီကလေး လွတ်မြောက်ခဲ့ရသည်။

 

(၁၄) သာသနာရေးဆောင်ရွက်မှုများ

သိက္ခာတော်ရဆရာ Rev. Za Khup ၏ သားဖြစ်သည့် အားလျော်စွာ ပြည်တွင်းပြည်ပတွင် နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း နှင့်ပင် ဘာသာရေး၊ လူမှုရေးတို့တွင် တက်ကြွစွာ ပါဝင်လေ့ရှိသည်။

  • မြန်မာနိုင်ငံလုံးဆိုင်ရာ YMCA တွင် ဒု-ဥက္ကဌ
  • Myanmar Baptist Convention, Men Fellowship Chairman
  • Emmanuel Baptist Church အသင်းထောက်လူကြီး
  • Yangon Siyin Baptist Church ရာသက်ပန် သင်းထောက်လူကြီး အဖြစ်တက်ကြွစွာ ပါဝင်သည့်အပြင် ကမ္ဘာ့ကျမ်းစာအုပ်အဖွဲ့ Gideon International ၏ မြန်မာနိုင်ငံအတွက် President အဖြစ်အမှုတော်မြတ်၌ တက်ကြွစွာ ပါဝင်ပြီး ကျမ်းစာလိုအပ်သူများကို အခမဲ့ဝေပေးခြင်းဖြင့် အမှုတော်မြတ်၌ ပါဝင်ခဲ့သည်။ ထို့ပြင် သူအသက်ရှင်စဉ်က တနင်္ဂနွေ သက်ကြီးသံစုံအဖွဲ့ တွင်လည်း ပါဝင်၍ ဂုဏ်တော်ချီးမွမ်း လေ့ရှိသည့်အပြင် သူကိုယ်တိုင် SOLO သီချင်း အားဖြင့် အခါအားလျော်စွာ Church တွင်၎င်း၊ နာရေးများတွင်၎င်း သီဆို ပါဝင်တတ်သည်။

 

(၁၅) ဘုန်းတော်ဝင်စားခြင်း

အသက်ကြီးလာသည်ဖြစ်၍ ပထမအကြိမ် ၂၀၀၆ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်မှ ဖေဖော်ဝါရီလ (၅) ရက်နေ့ထိ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးတွင်၎င်း၊ ဒုတိယအကြိမ် ၂၀၀၆ ခုနှစ် မတ်လ (၅) မှ (၇) ရက်နေ့ထိ၎င်း ဆေးရုံတက်ခဲ့ရသည်။ ဆက်လက်၍ ဖခင်ကြီးကို နေအိမ်မှာပင် ပြုစုကုသရင်း ၂၀၀၆ ခုနှစ် ဇူလိုင် (၂၂) ရက် နံနက် ၁၁:၀၀ နာရီတွင် ဘုန်းတော်ဝင်စားသွားပါသည်။

 

Contributed By: Pu Ngin Do Pau 2007

Edited by: Pu Thang Za Dal (Germany)

Word Processing by – Thawngno

စကားလုံးအသုံးနှုန်းတချို့ ရှင်းပြခြင်း။

(1) Sizang, Siyin, Sizaang ၊ စီးယင်း တို့မှာ အဓိပ္ပါယ်တူချင်း (ဇို) မျိုးနွယ်တစ်ခုနာမည်ဖြစ်သည်။

 

 

 

ဒေါက်တာဝမ်းကိုဟော ရေးသော စာအုပ် ကို အောက်တွင်ဖတ်ရှု နိုင်ပါသည်။

“Profile of a Burma Frontier Man” Part I

“Profile of a Burma Frontier Man” Part II

Ilustrations from “Profile of a Burma Frontier Man”

5 thoughts on “စည်သူဒေါက်တာ ဝမ်ကိုဟော၏သမိုင်းအကျဥ်း

    • I would be glad to hear any kind of work of U Vum Ko Hau, if you can share me. My name is Thawng Khancin Tunngo, a relative of him. U Vum Ko Hau is from Lunmun family. Tunngo and Lunmun are brothers

    • I did not check the links before, now I fixed them, and hope you can get access to them. Thanks.If you still want them send into your email please let me know.

Leave a Reply to thawngnoCancel reply