market 2

March 4: မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးမှုအားအနည်းဆုံးဖြစ်သော ချင်းပြည်နယ်တွင် ဒေသတွင်းဖွံ့ဖြိုးမှု ပိုမိုအားကောင်း လာစေရန်အတွက် အိန္ဒိယနယ်စပ်ရှိ မြို့နယ်ငါးမြို့နယ်တွင် ၂ဝ၁၄ ခုနှစ်အတွင်း နယ်စပ်ဈေးများ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနထံမှသိရသည်။ နှစ်ဖက်ဒေသထွက်ကျန်များ ရောင်းဝယ်ဖလှယ်နိုင်ရန် အခွန်လွတ်နယ်စပ်ဈေးများဖွင့်လှစ်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုအစည်းအဝေးတွင်တင်ပြခဲ့ကြောင်း ပြည်နယ်ဝန်ကြီး ဦးနန်ဇမုန်က ပြောကြားသည်။ အိန္ဒိယနိုင်ငံဘက်မှကမ်းလှမ်းခဲ့သည့် ဖလမ်းမြို့နယ်တွင် သိန်းလက်ရွာ၊ တွန်းဇံမြို့နယ်တွင် ခါဒိုင်နှင့် နှာလာလ် ရွာ၊ ကျီခါးမြို့နယ်ခွဲတွင် ခင်မန်းနှင့် ဗဟယ်ရွာတို့နှင့် မြန်မာဘက်မှကမ်းလှမ်းခဲ့သည့် ထန်တလန်မြို့နယ်ခွဲတွင် ဒါအူလ်နှင့်ပန်ခွါရွာ၊ တီးတိန်တွင် ဖာသလန်ရွာတို့ ၌ နယ်စပ်ဈေးများဖွင့်လှစ်မည်ဖြစ်ကြောင်း ၄င်းကဆိုသည်။
”ဒီဒေသဘက်မှာက ဒီလိုပဲ ကုန်ပစ္စည်းဖလှယ်နေတာတော့ကြာပြီ။ ခုလိုတရားဝင်ခွင့်ပြုလိုက်ရင်တော့ ပိုကောင်း သွားမယ်ပေါ့။ ဒီဘက်မှာက မြန်မာငွေကော၊ အိန္ဒိယရူပီးကော သုံးလို့ရနေတယ်လေ” ဟု ထန်တလန်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလာလ်မောင်ကျုံးက ပြောကြားသည်။ အဆိုပါနယ်စပ်ဈေး များကို ဖွင့်လှစ်သွားနိုင်ရန်အတွက် အိန္ဒိယနှင့်ဆက်လက်ညှိနှိုင်းသွားရမည်ဖြစ်ကြောင်း
ဝန်ကြီး ဦးနန်ဇမုန်က ခန့်မှန်းပြောကြားသည်။ [The Voice]

Leave a Reply